“နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်”
လှဆောင်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်ကို နာမည်တပ်ပြီး မကောင်းကြောင်းပြောနေတဲ့အချိန်မှာပဲ သူအားကိုးတဲ့ တရုတ်က အာဏာသိမ်းစစ်တပ်ကို ဥပက္ခာပြုလိုက်ပါပြီ။
အောက်တိုဘာလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့် မကျင်းပခင် တရုတ်နိုင်ငံကို မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ စီမံကိန်း ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် ကြိုးပမ်းမှုအဖြစ် ပုံဖော်ကြည့်လို့ရပါတယ်။
ဒါပေမဲ့လည်း အဲဒီ ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းက တရုတ်ဘက်က မဖိတ်ကြားခဲ့လို့ပါ။ အဲဒီပွဲကိုတော့ စစ်ကောင်စီရဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်တာ မကြာသေးတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ “ရှီကျင်းဖျင်က မင်းအောင်လှိုင်ကို ဂါရဝပြု” ဆိုပြီး စစ်တပ်လော်ဘီသတင်းစာတွေမှာ အထည့်ခံရမှာ ကြောက်လို့လားဆိုပြီး အရွှန်းဖောက်တွေးကြည့်ရင်လည်း တွေးကြည့်နိုင်ပါတယ်။












