“စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့ “အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်” ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်”
ကေဂျီ – Wiper
စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက် လဲပြိုသွားနိုင်လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အကြောင်း သိသိသာသာ ထွက်ပေါ်လာခဲ့ပါပြီ။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၃၁ သာရှိပြီး၊ အခေါက်ရွှေ တစ်ကျပ်သား ၁၃၂၂၀၀၀/ ဆယ့်သုံးသိန်းကျော်လေးသာ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရွှေတစ်ကျပ်သားကို ၅၉ သိန်းနီးပါး၊ ကျပ်ငွေဈေးဟာလည်း တဒေါ်လာကို ၅၀၁၀ ဝန်းကျင်အထိ စံချိန်တင်ထိုးတက်ခဲ့ပါတယ်။
နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေအပေါ်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် ကုန်ဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာခဲ့ပြီး အခြေခံလူတန်းစားတွေကို ဒုက္ခအကြပ်တည်းရောက်စေခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ဘီလီယံ ၃ သောင်းနီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းကလည်း ငွေကျပ်တန်ဖိုးကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ကြောင်းကို NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုမှုမှာ တွေ့ရှိရပါတယ်။ ၂၀၂၂တုန်းက စစ်ကောင်စီကထုတ်ပြန်တဲ့ ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံး စရိတ်က ကျပ်သန်းပေါင်း ၁,၇၄၆,၈၆၈,၉၈၉ ရှိခဲ့ပြီး ပညာရေးအသုံးစရိတ်နဲ့ ကျန်းမာရေးအသုံးစရိတ် ၂ခုရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၆၆၅,၉၉၃,၄၄၀ ပဲရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်က ပိုများခဲ့တာကို တွေ့ရပါတယ်။
(more…)