ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

“Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာ”

ကိုတင်ဖေ 

တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်း အညာဒေသလက်နက်ကိုင်တော်လှန်ရေးဟာ အတော်လေးခရီးပေါက်လာတာကိုတွေ့မြင်နေရပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ Local PDF တွေလည်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပသုံးလုံးတွေအားကောင်းလာတာကိုတွေ့ရမှာပါ။

မကြာခဏဆိုသလို Local တွေနဲ့ ပကဖတွေကြား ပွတ်တိုက်မှုတွေဖြစ်ပွားနေသလို မြေပြင်မှာ အတူယှဉ်တွဲနေကြရတာဟာလည်း ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Local တွေကို နှစ်ပိုင်းခွဲပြီးမြင်ကြရရင် EROs ကျောထောက်နောက်ခံရှိတာနဲ့ ပြည်သူလူထုအားကိုးနဲ့ ရပ်တည်နေတဲ့ Local တွေကို တွေ့နိုင်ပါတယ်။ ထပ်တိုးတစ်ခုအနေနဲ့ကတော့ MOD ရဲ့ အောက်ကို မရောက်ရှိပေမဲ့ MOD ရဲ့ COC ကိုလက်ခံပြီး MOD ရဲ့ စစ်ရေးညွှန်ကြားချက်တွေကိုပါ အကောင်ထည်ဖော်နေတဲ့ အဖွဲ့စည်းတွေဖြစ်ပါတယ်။

ဒေသတွင်း​​နယ်မြေပြဿနာတွေရှင်းနိုင်ဖို့နဲ့ လက်နက်ကိုင်ပြဿနာ နည်းစေနိုင်ဖို့ MOD က Local တွေကို COC တည်ဆောက်ရာမှာပါဝင်ကြဖို့တိုက်တွန်းလေ့ရှိပါတယ်။ ဒီမှာ တချို့ကလည်း ပါဝင်ကြသလို တချို့ကလည်း ပါဝင်ချင်ကြပေမဲ့ MOD က ခန့်ထားတဲ့ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ပြင်ပဆက်ဆံရေးပြဿနာကရှိနေပါတယ်။ စည်းရုံးရေးပိုင်းအားနည်းသလို ဖိအားပေးတဲ့ နည်းစနစ်ကြီးက လူငယ်ခေါင်းဆောင်တချို့အတွက် အဆင်မပြေတာကိုတွေ့ရပါတယ်။

Photo : PLA

Local အားကောင်းတဲ့ ဒေသတွေမှာ ဒေသတွင်းအစုအဖွဲ့တွေက အပြန်လှန်ဖေးမဖို့ တပ်ပေါင်းစု ဆန်ဆန်ဖွဲ့စည်းလာတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ Local သီးသန့်သာဖြစ်ပြီးတော့ ဗမာပြည်ကို ကိုယ်စားပြုတယ်ဆိုတဲ့ တပ်ပိုင်းတွေ မပါဝင်သေးပါဘူး။ စစ်တိုက်ဖို့၊ ထောက်ပို့ကူကြဖို့ သတင်းဖလှယ်ဖို့ ဖွဲ့စည်းထားတဲ့ Local အဖွဲ့တွေဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီရပ်တည်နေကြရတာပဲဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို COC အောက်ဝင်ဖို့ စည်းရုံးရမှာဖြစ်ပေမဲ့ တချို့သော ဒေသန္တရ အမိန့်တွေဟာ အပျက်ဘက်ကိုသာ ဦးတည်သွားပါတယ်။

အညာဒေသတစ်ဝိုက်က ပသုံးလုံးအားကောင်းတဲ့ နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုကအစ ခွင့်မပြုတာ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့တွေကိုမှ ခွင့်မပြုဘူးဆိုတဲ့ ကြေညာချက်တွေဟာ လက်နက်ကိုင်ရပ်တည်နေရတဲ့ Local တွေအတွက်အတော်လေး ခက်ခဲစေပါတယ်။ NUG လက်အောက်ခံမဟုတ်ရင်မလှူရ၊ မကူရ ဆိုတာတွေကလည်း တကယ်လက်တွေ့မှာဖြစ်ပျက်နေပြီးတော့ NUG အောက်ကတပ်တွေသာ တရားဝင်ဖြစ်တယ်ဆိုပြီးပြည်သူကိုမိတ်ဆက်နေကြတာတွေလည်းတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဒါကတော့ Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာမလို့ မိမိလက်အောက်ခံ ဖြစ်ရေးဆိုတာကို ​ရှေးမရှူပဲ ဒီအဖွဲ့တွေရဲ့ အခက်ခဲကို ကူညီဖြေရှင်းပေးပြီးမြေပြင်ထိကွင်းဆင်းလေ့လာတာတွေလုပ်မှသာ Local တွေရဲ့ ယုံကြည်ကိုးစားမှုကိုရနိုင်မှာပါ။

နောက်တစ်ခုက Local တွေကြီးလာတဲ့အခါ ဗမာပြည်ကိုယ်စားပြုလက်နက်ကိုင်တွေ ပေါ်ပေါက်လာတာပါပဲ။ ဒါဟာ လူမျိုးတစ်စု ကိုယ်စားပြုတပ်တွေဖြစ်ပြီးတော့ EROs ကျောထောက်နောက်ခံ ရှိနေတဲ့ BPLA ကတော့ လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက ဗမာတွေကို ကိုယ်စားပြုတည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဗိုလ်နဂါးအပါအဝင် တော်လှန်ရေးအဖွဲ့ တွေစုပေါင်းပြီးတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A)ကိုဖွဲ့စည်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင် မိသားစုအား တွေ့ရစဉ်

စစ်ကောင်စီကိုလက်နက်နဲ့အတူတော်လှန်နိုင်ဖို့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ပညာသင်လာပြီးမှ ကိုယ့်နယ်မြေမှာ ရရာလက်နက်ကိုင်ဆွဲပြီးတိုက်ခိုက်ကြရတာပါ။ ဒီမှာ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်တပ်ဆိုတာက EROs တွေနဲ့ ထူးမခြားနားဖြစ်သွားတာပါပဲ။ မြန်မာပြည်အလယ်ပိုင်းမှာ ဗမာ့လက်နက်ကိုင် ပေါ်ပေါက်လာတယ်ဆိုတဲ့သဘောပါပဲ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ EROs တွေကိုကြည့်မယ်ဆိုရင် ကရင်နီ၊ ရှမ်းမြောက်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုင်းရင်းသားကိုယ်စားပြုတပ်တွေက စစ်ကောင်စီကိုတော်လှန်နေကြတာပဲ ဖြစ်ပါတယ်။ ဒီအချိန်စစ်ကိုင်းတိုင်းမှာ BNRA ပေါ်လာတာက လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးကို ပိုမိုဦးတည်လာသလိုဖြစ်လာပါတယ်။ ဒီလိုဆိုရင် EROs တွေရဲ့ အခန်းကဏ္ဍဟာ ကြီးထွားလာတာဖြစ်ပြီးနွေဦးတော်လှန်ရေးဟာ လူမျိုးစု တော်လှန်ရေးသဖွယ်ကူးပြောင်းသကဲ့သို့ဖြစ်လာတာပါ။

ဒီအချိန်မှ စစ်အုပ်စု​ပြုတ်ကျပြီးနောက်ပိုင်း အရပ်ဘက်အုပ်ချုပ်ရေးထက် လက်နက်ကိုင်ဘက်ကို ပိုမိုဦးတည်တဲ့ နိုင်ငံရေးအခင်းကျင်းကပိုကဲသွားနိုင်ပါတယ်။အဲဒီ နှစ်ခုကိုချိတ်ကြည့်ရင် ဗမာပြည်နယ် + ဗမာတပ် ဖြစ်မယ်။ အဲလိုဖြစ်နေအောင် တွန်းအားပေးတာက EROs တွေဖြစ်တယ်။ ဒါဆို ဒီနွေဦးတော်လှန်ရေးက လူမျိုးစုလက်နက်ကိုင်တွေက စုပေါင်းပြီးဆန့်ကျင်တဲ့ သဏ္ဍာန်ပေါ်လိမ့်မယ်။ NUG အခန်းကဏ္ဍမှေးမှိန်ပြီး EROs စုပေါင်းတော်လှန်ရေးဖြစ်ဖို့ တာစူသလားပေါ့။ အဲဒါဆို စစ်အုပ်စုပြုတ်ကျပြီး နိုင်ငံရေးကိစ္စတွေမှာ အရပ်သားနိုင်ငံရေးအခင်းအကျင်းထက် လက်နက်ကိုင်စစ်ဘက်အင်စတီကျူးရှင်းတွေက နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်သွားတဲ့ အခင်းအကျင်းဘက် ပိုကဲသွားနိုင်ပါတယ်။

Photo: PRF

ကျွန်တော်တို့ရည်မှန်းတာက စစ်အုပ်စုပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ကိုဖန်တီးပါဝင်ခဲ့ကြပေမယ့် နိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းကိုတော့ အရပ်ဘက်ပြည်သူကိုယ်စားပြုခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေကသာ တော်လှန်ရေးအလွန်နိုင်ငံရေးကို ဦးဆောင်သင့်တယ်လို့ ယူဆတာပဲ ဖြစ်ပါတယ်။ 

ဒီနေရာမှာ NUG ရဲ့ အခန်းကဏ္ဍဖြစ်တယ်။ ဗမာတိုင်းရင်းသားလက်နက်ကိုင်ဆိုရင် ငါတို့ပဲရှိရမယ်ဆိုတဲ့မူ ငါတို့မနဲ့မတူရင် ရန်သူလို သဘောမထားဖို့ လိုအပ်သလို ဦးဆောင်မှုကဏ္ဍကို တာဝန်ယူမယ်ဆိုပါက တာဝန်ကျေဖို့လိုပါတယ်။ တပါတီကောင်းစားရေး လူတစုကောင်းစားရေး အာဏာရရှိရေးထက် တော်လှန်ရေးကာလ ပြည်သူ့မျက်နှာမူပြီး တော်လှန်ရေးအစိုးရဖြစ်ဖို့ အရေးကြီးပါတယ်။ 

Photo:PRF

NUG အနေနဲ့ ၎င်းရဲ့အင်အား COC တည်ဆောက်နိုင်ဖို့အရေး ပြန့်ကျဲနေတဲ့ Local တွေကို စနစ်တကျစုဖွဲ့ စုစည်းဖို့လိုအပ်နေတာဖြစ်ပြီး ဒီလိုစုဖွဲ့ဖို့ဆိုရင်လည်း ခိုင်မာတိကျတဲ့ မူတွေလိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆက်ဆံသလို ပညာဒေသက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုလည်း ဆက်ဆံဖို့ လိုအပ်ပါတယ်။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တာမျိုး မဖြစ်သင့်တော့ပါဘူး။ ငါ့လက်အောက်က ငါတပ်ရင်းကလို့ပြောပြောနေပေမဲ့ မြေပြင်က ရင်း ၄ ရင်းပေါင်းလို့ စစ်တိုက်အင်အား ၁၀၀ မရှိတာမျိုးတွေကိုလည်း သတိထားသင့်ပါပြီ။ NUG အနေနဲ့ အရာရာ သတိထားပြီး အင်အားစုတွေ စုစည်းညီညွတ်ဖို့ ယခုထက်ပိုမိုလုပ်ဆောင်သင့်ကြောင်း သင်းကွဲငှက်ဖြစ်နေတဲ့ ဒေသတွင်းက ရပ်ရွာကာကွယ်ရေးတပ်သားတွေကိုယ်စား တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

#RedNewsAgency

By Editor