RNA_နိုဝင်ဘာ (၂၁)၊၂၀၂၅ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားထားသည်။
NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦး၏ တိုင်ကြားစာတွင် ငွေအလွဲသုံးစားလုပ်မှုများ၊ မိသားစုဝင်များကို ရုံးအတွင်း နေရာပေးမှုအတွင်း “လူကြီးတူကအစ ပညာပြသည့် အခြေအနေမျိုး” ဖြင့် အခြားဝန်ထမ်းများ ကြုံတွေ့နေရကြောင်း၊ မကြည်ပြာတို့ လင်မယားသည် တော်လှန်ရေးကာလ အခြေအနေမှာ အာဏာရှင်နှင့်မခြား အလွဲသုံးစားမှု၊ အဂတိမှုများစသည်တို့ကြောင့် တိုင်ကြားရခြင်းဖြစ်ပြီး၊ မကြည်ပြာနှင့် ကိုညီညီမင်းတို့၏ ဆောင်ရွက်ချက်များကြောင့် နစ်နာသူများအား ကုစားမှုများ ဆောင်ရွက်ပေးနှင့် နောက်ယျက်ခြင်းမရှိစေရန် ကာကွယ်မှုများပေးရန် NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ တိုင်ကြားသူများက အနူးအညွတ် မေတ္တာရပ်ခံထားသည်။

တိုင်ကြားသူများသည် NUG ဝန်ကြီးချုပ်ရုံးတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးများမှာလည်း တွဲဖက်အတွင်းဝန် (၂)၊ ညွန်ကြားရေးမှူး၊ လက်ထောက်ညွန်ကြားရေးမှူးမှစတင်ကာ ရုံးအဖွဲ့ဝင် ယာဉ်မောင်းထိ ပါဝင်နေသည်။

NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦး၏ တိုင်ကြားသည့် သက်သေခံများအနေဖြင့် တော်လှန်ရေးကာလအတွင်း ဝယ်ယူစီးသော ကား၊ လက်ဝက်ရတနာများ၊ မကြည်ပြာ၏ အမျိုးသား ကိုညီညီမင်းမှ စီမံညွှန်ချုပ်တာဝန်ယူထားခြင်းနှင့် စီမံညွှန်ချုပ်တာဝန်အပ်နှံသော်လည်း ငွေကိုင်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေမှု၊ တူနှစ်ဦးအား ရာထူးတာဝန်ပေးအပ်ပြီး ချီးမြှင့်ငွေများပေးအပ်မှု၊ ဘဏ်အကောင့်များနှင့် Policy Unit Member ထည့်ဝင်ငွေ ပေးသွင်းခြင်း၊ အိမ်မွေးခွေးမွေးနေ့ပွဲ ကျင်းပခြင်း၊ ရုံးကားဖြင့် အိမ်မွေးခွေးများနှင့်အတူ လေညှင်းခံထွက်းခြင်း၊ ဝန်ထမ်းအပေါ် ဆက်ဆံပုံနှင့် ဌာနတွင်း ပြောဆိုမှုများစသည်တို့အပါအဝင် သမ္မတရုံးမှာ မယုံကြည်ရကြောင်းနှင့် NUG တွင် ဘဏ္ဍာရေးကိစ္စများအား အဆင်ပြေသလို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မကြည်ပြာ ပြောထားတဲ့ အချက်အလက်များ ပါဝင်သည်ကို တွေ့ရှိရသည်။
#RedNewsAgency #RNA #REDNEWS
