မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

“မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်”

ရန်နိုင်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အာဏာတည်ဆောက်မှုတို့ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နေခဲ့သည်။

ဝေဖန်သူများနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဤကဲ့သို့ ကြီးမားသော မူးယစ်ဆေးဝါး လုပ်ငန်းကြီးများ လည်ပတ်နေခြင်းသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်တပ် (တပ်မတော်)နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ပတ်သက်မှု၊ အဂတိလိုက်စားမှုနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်မှုများကြောင့်သာ ဖြစ်သည်ဟု ခိုင်မာစွာ ယူဆကြသည်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဥပဒေစိုးမိုးရေး စနစ်ပြိုကွဲမှုများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် အရှိန်အဟုန်ဖြင့် ပိုမိုမြင့်တက်လာခဲ့ပြီး တပ်မတော်နှင့်ဆက်စပ်သူတို့၏ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းနှင့် ၎င်းမှရရှိသောဝင်ငွေများကို နိုင်ငံတော် တည်ဆောက်ရေးနှင့် စစ်အာဏာမြှင့်တင်ရေးတို့အတွက် မည်ကဲ့သို့ အသုံးချနေသည်ကို ဤဆောင်းပါးက ထောက်ပြ ဆွေးနွေးသွားမည်ဖြစ်သည်။

သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက မြန်မာ့တပ်မတော်သည် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုကို နိုင်ငံတော်၏ အစွန်အဖျား နယ်စပ်ဒေသများရှိ လက်နက်ကိုင် ပဋိပက္ခများကို စီမံခန့်ခွဲရာတွင် အရေးပါသော မဟာဗျူဟာ လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချုပ်ဆိုခဲ့ရာ၌ ယင်းအဖွဲ့အစည်းများအနက် အများအပြားကို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခွင့် (သို့မဟုတ် တရားမဝင် စီးပွားရေး လုပ်ငန်းများ)ကို နယ်မြေထိန်းချုပ်မှုနှင့် သစ္စာစောင့်သိမှုအတွက် လဲလှယ်ခွင့်ပြုခဲ့သည်။ ဤနည်းလမ်းသည်တပ်မတော်အတွက် အလွန်အကျိုးရှိသော နည်းဗျူဟာဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

၁၉၅၀ ပြည့်လွန်နှစ်များမှစတင်ခဲ့သော ကာကွယ်ရေးစနစ်သည် အစိုးရကို ဆန့်ကျင်သည့် သူပုန်များကို တိုက်ခိုက်မည့် ဒေသခံပြည်သူ့စစ်များအား မူးယစ်ဆေးဝါး မှောင်ခိုကူးရန် ခွင့်ပြုခဲ့သည်။ Kokang မှ Lo Hsing Han ကဲ့သို့သော ထင်ရှားသည့် မူးယစ်ဆေးဝါးဘုရင်များသည် ထိုအချိန်က အစိုးရထံမှ ဆေးရောင်းဝယ်ခွင့် ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ၎င်းတို့သည် နိုင်ငံတော်အား ပုန်ကန်မှုအတွက်သာ ဖမ်းဆီးခံရပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုအတွက် မဟုတ်ကြောင်း သမိုင်းမှတ်တမ်းသက်သေများက ဖော်ပြထားသည်။ ဤသည်မှာ တပ်မတော်သည် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကို ဥပဒေစိုးမိုးမှု၏ အထက်မှခွင့်ပြုပေးသည့် မူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင်လည်း ဤမူဝါဒသည် ပြည်သူ့စစ်အဖွဲ့များ (People’s Militias – Pyithu Sit) နှင့် နယ်ခြားစောင့်တပ်များ (Border Guard Forces – BGFs) တို့မှတစ်ဆင့် ဆက်လက်တည်ရှိနေသည်။ ဤစစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ နယ်မြေများတွင် တရားမဝင်စီးပွားရေး အင်ပါယာများတည်ထောင်ခွင့်နှင့် အပြစ်ပေးခံရခြင်းမှကင်းလွတ်ခွင့် (Impunity) ရရှိကြသည်။ ယင်းလုပ်ငန်းများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုသည် အဓိက အကျိုးအမြတ် ဖြစ်သည်။ ဤအဖွဲ့များသည်စစ်တပ်မှ ငွေကြေးထောက်ပံ့မှု မရသော်လည်း ၎င်းတို့၏ဒေသများတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကာ တပ်မတော်၏ စစ်ဆင်ရေးများတွင် ပါဝင်ရသည့်အတွက် မူးယစ်ဆေးဝါးဝင်ငွေဖြင့် မိမိဘာသာရပ်တည်နိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ကဲ့သို့သော စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် အဖွဲ့အစည်းများ ထိန်းချုပ်ထားသော နယ်မြေများတွင် စက်မှုလုပ်ငန်း အဆင့်မီသော ဓာတုမူးယစ်ဆေးဝါး ချက်လုပ်သည့် ဓာတ်ခွဲခန်းများ (Super Labs) အများအပြား တည်ရှိသည်။ အချို့သော ဒေသခံ သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ စစ်တပ်စခန်းတိုင်း၌ပင် ယာဘစက်ရုံ ကိုယ်စီရှိခဲ့ပြီး၊ ၎င်းတို့သည် စစ်တပ်၏ခွင့်ပြုချက်ဖြင့် လည်ပတ်နေကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသော ပန်ဆိုင်းပြည်သူ့စစ်ခေါင်းဆောင် ကျော်မြင့် (Kyaw Myint) သည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ရှမ်းပြည်နယ်လွှတ်တော်တွင်ပင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ ၎င်း၏အဖွဲ့သည် တရုတ်-မြန်မာ နယ်စပ်ရှိ မူးယစ်ဆေးဝါး မှောင်ခိုကူးရာ ဗဟိုချက်ဖြစ်သည့် Muse နယ်မြေတွင်လှုပ်ရှားနေသည်။ ၎င်း၏အဖွဲ့သည် တပ်မတော်အတွက် စစ်ရေးလှုပ်ရှားမှုများကို ကူညီပေးသည့်အတွက် မူးယစ်ဆေးထုတ်လုပ်မှုတွင် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။

UNODC, အမေရိကန်အစိုးရရဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာ INCSR၊ AFP နဲ့ ASEAN မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ ASEANAPOL၊ Interpol & DEA စသည့်အဖွဲ့စည်း များ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့မူးယစ်ဆေးဝါး (မက်သာဖက်တမင်း၊ ယာဘ) ထုတ်လုပ်မှု၏ ဗဟိုချက်ဖြစ်သည်။

မူးယစ်ဆေးထုတ်လုပ်သည့် ဗဟိုချက်ဖြစ်သည်နှင့်အညီ ရိုးရာဘိန်းထုတ်လုပ်မှုနည်းမဟုတ်သော အရည်အချင်း ပြည့်မီသည့် ဓာတုဗေဒပညာရှင်များ (ထိုင်ဝမ်မှလာသည်ဟု သတင်းများထွက်သည်) နှင့် စက်မှုလုပ်ငန်းအဆင့်ရှိသည့် ဓာတ်ခွဲခန်းပစ္စည်းကိရိယာများ လိုအပ်သည်။ ထိုမျှကြီးမားသော ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ခန့်မှန်းနိုင်သော လုံခြုံမှုရှိသော ပတ်ဝန်းကျင် နယ်မြေလိုအပ်သည်။ ယင်းလိုအပ်ချက်ကို တရားဥပဒေစိုးမိုးမှု လျော့ရဲသော တပ်မတော် ကျောထောက်နောက်ခံပြုထားသည့် နယ်မြေများက ဖြည့်ဆည်းပေးထားသည်။

ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်ရန်အတွက် လိုအပ်သော ဓာတုပစ္စည်း (Precursor Chemicals) အမြောက်အများကို ပြည်တွင်း၌ မထုတ်လုပ်နိုင်သောကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ မှောင်ခို သွင်းယူရသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်မတော်က ထုတ်ပြန်ခဲ့သော ၂၀၂၄ ခုနှစ် အစီရင်ခံစာများတွင်ပင် ရန်ကုန်နှင့်မန္တလေးမြို့ရှိ စက်မှုဇုန်များအပါအဝင် နေရာအများအပြားမှ ဓာတုပစ္စည်း ပမာဏအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ၎င်းဖမ်းဆီးရမိမှုများသည် ထုတ်လုပ်မှုဇုန်များသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် ဓာတုပစ္စည်းများကို စက်မှုလုပ်ငန်းအဆင့်အနေဖြင့် စုပုံထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် အစောပိုင်း ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုမှ Crystal Methamphetamine ၁.၅ တန် နှင့် Methylamine ၁၆,၄၀၀ လီတာ၊ Sulphuric Acid ၁,၂၀၀ လီတာ စသည့် ဓာတုပစ္စည်းအမြောက်အများ ဖမ်းဆီးရမိခဲ့ရာ၊ ဤဖမ်းဆီးမှုများသည် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ထုတ်လုပ်၍ ရေလမ်းကြောင်းဖြင့် မလေးရှားသို့ တင်ပို့ရန် ရည်ရွယ်ထားကြောင်း ဖော်ထုတ်ခဲ့သည်။ ဤသည်မှာ တရားမဝင် ထုတ်လုပ်မှုသည် နယ်စပ်ဒေသများကိုကျော်လွန်၍ နိုင်ငံ၏ဗဟိုချုပ်ကိုင်မှု အောက်ရှိ လမ်းကြောင်းများကို အသုံးပြုကာစစ်တပ်၏ လုံခြုံရေးအောက်မှဖြတ်သန်းနေခြင်းကို ပြသနေသည်။

တပ်မတော်သည် နိုင်ငံတကာ ဖိအားများကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ နှစ်စဉ် မီးရှို့ဖျက်ဆီးပွဲများ ကျင်းပလေ့ရှိသည်။ သို့သော် ဝေဖန်သူများက “ဆယ်စုနှစ်များစွာကြာမြင့်သော လှည့်ဖြားမှု” သို့မဟုတ် “ဟန်ဆောင်မှု” သာဖြစ်ကြောင်း ဝေဖန်ကြသည်။ တပ်မတော်သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို ကာကွယ်ပေးသည့် အဆုံးစွန်သော ဂိုဏ်းအဖွဲ့ ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဖော်ပြကြသည်။ ဤစွပ်စွဲချက်အတွက် အထင်ရှားဆုံး သက်သေအချို့အဖြစ် ထိပ်တန်း စစ်ခေါင်းဆောင်ပိုင်းနှင့် ဆက်စပ်နေသော ရာဇဝတ်မှုများအရ သိရှိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မြန်မာစီးပွားရေးသမား ထွန်းမင်းလတ် ကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု စသည့် စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီး၊ ၎င်းနှင့် ဆက်စပ်သည့် စစ်ဆင်ရေးတွင် မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးများပိုင်ဆိုင်သည့် ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့သည်။ ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင်၏ ရင်းနှီးသောမိတ်ဆွေဖြစ်ပြီး၊ စစ်တပ်အတွက် ငွေကြေးလှူဒါန်းမှုများနှင့် လက်နက်ဝယ်ယူမှုများတွင်ပင် ကူညီပေးခဲ့သူဖြစ်သည်။

ဤအချက်သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရရှိသော ဝင်ငွေများသည် တပ်မတော်၏ ထိပ်တန်းအဆင့်အထိ စိမ့်ဝင်နေပြီး ၎င်း၏ အာဏာတည်ဆောက်မှုကို ခိုင်မာစေသည့် ဘဏ္ဍာရေးအသက်သွေးကြော ဖြစ်လာသည်ကို ရှင်းရှင်းလင်းလင်း ပြသထားသည်။ နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် တပ်မတော်သည် တရားမဝင် လုပ်ငန်းများ (ကျောက်စိမ်း၊ သစ်၊ ရွှေ၊ မူးယစ်ဆေးဝါး) မှ ရရှိသည့်ငွေကြေးစီးဆင်းမှုပေါ်တွင် ပိုမိုမှီခိုလာခဲ့ရသည်ကို ကြည့်ရုံဖြင့် တပ်မတော်အတွက် စီးပွားရေးအရ လိုအပ်ချက်ရှိနေသည်ကို သိရှိနိုင်သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် စစ်တပ်နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများ၏ စီးပွားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူပြုနေသော်လည်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏လက်ရှိ ဥပဒေစနစ်မှာ သုံးစွဲသူများအပေါ် အပြစ်တင်သော ချဉ်းကပ်မှုကိုသာ အဓိကထားသည်။ လက်ရှိ ဥပဒေအရ မူးယစ်ဆေးဝါး အနည်းငယ်ကို လက်ဝယ်တွေ့ရှိရုံဖြင့်ပင် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ထို့ထက်ပိုသော ပြစ်ဒဏ် ချမှတ်နိုင်သည်။ ဤမူဝါဒကြောင့် မြန်မာနိုင်ငံရှိ အကျဉ်းသား စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်း မှ အချို့သော အကျဉ်းထောင်များ (မြစ်ကြီးနားနှင့် လားရှိုး) တွင် ၇၀-၈၀ ရာခိုင်နှုန်း အထိသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အမှုများဖြင့် ဖမ်းဆီးခံရသူများ ဖြစ်နေသည်။ ဤသည်မှာ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဂိုဏ်းခေါင်းဆောင်ကြီးများအား စစ်တပ်က ကာကွယ်ပေးထားပြီး၊ အသေးအဖွဲရောင်းချသူများနှင့် သုံးစွဲသူများကိုသာ ဖမ်းဆီးအပြစ်ပေးနေသော မူဝါဒကို ဖော်ပြနေသည်။

မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ လူငယ်များဖြစ်သည်။ အထူးသဖြင့် စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုတို့ကြောင့်၊ ကျောင်းပြေးသူများနှင့် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေသော လူငယ်များသည် မူးယစ်ဆေးဝါး ရောင်းချသူများ၏ ပစ်မှတ်အသစ် ဖြစ်လာသည်။ ယာဘဆေးပြားသည် အဖိုးနည်းပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် အချို့သော တောင်သူများနှင့် အလုပ်သမားများကသုံးစွဲလေ့ရှိကြသည်။ ခံနိုင်ရည်ကိုတိုးစေပြီး အစာစားလိုစိတ် နည်းကာ ပင်ပန်းနွမ်းနယ်စိတ်မရှိဘဲ အချိန်ပိုအလုပ်လုပ်နိုင်စေသည့်အတွက် သုံးစွဲကြခြင်းဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာသည် ဆင်းရဲမွဲတေမှု၊ အလုပ်သမား ခေါင်းပုံဖြတ်မှုနှင့် ဆက်စပ်နေစေသည်။ ၎င်းအခြေနေများကို စစ်တပ်ကျောထောက်နောက်ခံပြုသည့် ပတ်ဝန်းကျင်က အားပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းရာတွင် ရန်ကုန်ကဲ့သို့ မြို့ကြီးများ၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသော လူငယ်အချို့သည် ထောင်ဒဏ်အစား စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခံရခြင်းများရှိခဲ့သည်။ ဤသည်မှာ တပ်မတော်အနေဖြင့် လူငယ်များကိုစုဆောင်းရာ၌ မူးယစ်ဆေးဝါးဥပဒေကို အာဏာတရပ်နေဖြင့် အသုံးပြုနေသည်ကို ပြသနေသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု၏ အရင်းအမြစ်သည် တပ်မတော်နှင့် ဆက်စပ်သည့် အဂတိလိုက်စားမှုကွန်ရက် နှင့် ၎င်း၏နိုင်ငံရေးမဟာမိတ်ပြုမှုများမှ စတင်သည်။ ဤအတောအတွင်းတွင် ဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ စီးပွားရေးပြိုလဲခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်နေသည့် အခြေနေများကိုအခွင့်ကောင်းယူကာ တရားမဝင်စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန်အတွက် လောင်စာမြှင့်ပေးနေခြင်းဖြစ်သည်။ တပ်မတော်သည်နိုင်ငံတကာကို ဟန်ပြရန်အတွက် မူးယစ်ဆေးဝါး ဖျက်ဆီးပွဲများ ကျင်းပနေသော်လည်း အမှန်တကယ်တွင် မူးယစ်ဆေးဝါးကာကွယ်ရေးဂိုဏ်းအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသူဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် စစ်တပ်၏ နိုင်ငံရေး စနစ်အတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသော အဂတိလိုက်စားမှုနှင့် အာဏာတည်ဆောက်ရေး၏ အဓိကအကျိုးဆက်တစ်ခုဖြစ်သည်။ ယင်းအကျိုးဆက်၏ ဘေးထွက်ဆိုးကျိုးအဖြစ် နိုင်ငံတော်နှင့် လူငယ်များအပေါ် တဖြည်းဖြည်း ချည့်နဲ့လာစေမည့် ရေရှည်ကပ်ဘေးတစ်ခုတော့ ဖြစ်လာနေသည်။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု စနစ်ကြီးသည်စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များအတွက် နိုင်ငံတော်၏ ဘဏ္ဍာတိုက်တစ်ခုနှင့်တူနေသည်။ ဤသည်မှာ သမားရိုးကျ ဘဏ်စာရင်းများ မဟုတ်ဘဲ၊ သစ္စာစောင့်သိသူများအားဆုချခြင်းနှင့် ပြိုင်ဘက်များကို ထိန်းချုပ်ရန်အတွက် အသုံးပြုသည့် အမှောင်လောကစီးပွားရေးလုပ်ငန်းသုံး ပိုက်ဆံအိတ် ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

Red News Agency

By RNA Editor