အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

“အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် Daniel Noboa ဟာ ရာဇ၀တ်မှုထူပြောလာတာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကြား အငြင်းပွားမှုတွေ၊ တိုးတက်လာတဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ”
***************************

အီကွေဒေါနိုင်ငံသားတွေကို အလုပ်ကိုင်တွေ ဖန်တီးပေးမယ်၊ ရာဇဝတ်အကြမ်းဖက်မှုခင်းဂိုဏ်းတွေကို ထိန်းချုပ်မှုတွေလုပ်မယ်ဆိုပြီး အီကွေဒေါနိုင်ငံရဲ့အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa က ပြောဆိုလိုက်ပါတယ်။

အသက် ၃၅ နှစ်သာရှိသေးတဲ့ Daniel Noboa ဟာဆိုရင် ပြိုင်ဘက် သမ္မတလောင်း Luisa Gonzalez ကို မဲရလဒ် ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။

“မနက်ဖြန် အီကွေဒေါနိုင်ငံသစ်အတွက် အလုပ်တွေ စတင်လုပ်ပါမယ်၊ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အမုန်းတရားတွေနဲ့ တကယ်ကို ချွတ်ခြုံကျနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်ပါမယ်၊ မနက်ဖြန်ကစပြီး Daniel Noboa ဟာ ခင်ဗျားတို့ရဲ့သမ္မတသစ်အဖြစ် တာဝန်တွေ စတင်ထမ်းဆောင်တော့မှာပါ” လို့ သမ္မတသစ် Daniel Noboa က ပင်လယ်ကမ်းစပ်မြို့ Olon မှာ ကျင်းပတဲ့ရွေးကောက်ပွဲ ကမ်ပိန်း အောင်ပွဲအထိမ်းအမှတ်ပွဲမှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

ရှုံးနိမ့်သွားခဲ့တဲ့ ပြိုင်ဘက် ရှေ့နေနိုင်ငံရေးသမား Luisa Gonzalez က ချီးကျူးစကားဆိုခဲ့ပါတယ်။ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သတင်းထောက်နဲ့ ဥပဒေပြုအမတ်ဟောင်းဖြစ်သူ Fernando Villavicencio ဟာ မြို့တော် Quito မှာ သြဂုတ် ၉ ရက်က ပြုလုပ်တဲ့ သမ္မတလောာင်းရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပွဲမှာ ခေါင်းကို သုံးကြိမ်တိုင်တိုင် ပစ််ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

Noboa ဟာ အီကွေဒေါနိုင်ငံရဲ့ ငှက်ပျောသီးလုပ်ငန်းရှင် သူဌေးကြီး Alvaro ရဲ့ Álvaro Noboa’s Noboa Corporation လုပ်ငန်းတွေမှာ သားဖြစ်သူ လူငယ်စီးပွားရေးလုပ်ငန်းရှင် Noboa ဟာ ဒါရိုက်တာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

Daniel Noboa ဟာ အမေရိကန်နိုင်ငံ New York University မှ (BBA) ဘွဲ့၊Northwestern University (MBA) ဘွဲ့၊Harvard University (MPA) ဘွဲ့၊George Washington University (MA) တွေကိုလဲ ရရှိထားတဲ့ ပညာတတ် လူငယ်တစ်ဦးလဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ Santa Elena ပြည်နယ်ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အီကွေဒေါနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်က သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ရာ Daniel Noboa က မဲအားလုံးရဲ့ ၅၂ ရာခိုနှုန်း ရရှိခဲ့ပြီး၊ ပြိုင်ဘက် အမျိုးသမီး ရှေ့နေနိုင်ငံရေးသမားမှာ ၄၈ ရာခိုနှုန်း ရရှိခဲ့ကာ မဲရရှိမှု ခြားနားချက် ၂ ရာခိုင်နှုန်းဖြင့် လူငယ်စီးပွားရေးသမား Daniel Noboa က အနိုင်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

အီကွေဒေါနိုင်ငဲရဲ့ သမ္မသစ်အဖြစ် လူငယ်စီးပွားရေးသမား Daniel Noboa ဟာ ယခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ အထိ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အမုန်းတရားတွေ၊ ရာဇဝတ်မှုတွေနဲ့ ထူပြောလှတဲ့ အီကွေဒေါနိုင်ငံကို သမ္မတအဖြစ် တာဝန်ယူရမှာလဲ ဖြစ်ပါတယ်။

Daniel Noboa ရဲ့ ဇာတိမြို့ဖြစ်တဲ့ Guayaquil မှာ နိုင်ငံခြားရင်းနှိးမြုပ်နှံမှုတွေနဲ့ ဆွဲဆောင်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍကို တိုးတက်စေမယ်လို့ ပြောပါတယ်။ ငယ်ရွယ်တဲ့ လူငယ်တွေကိုလဲ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ်လို့ ဆိုပါတယ်။

အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် Daniel Noboa ဟာ ရာဇ၀တ်မှုထူပြောလာတာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကြား အငြင်းပွားမှုတွေ၊ တိုးတက်လာတဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာလဲ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလဲ နည်းဗျူဟာမြောက် လက်နက်တေ့ ထောက်ပံ့ပေးဖို့နဲ့ တိုင်းပြည်အတွက်အန္တရာယ်ရှိတဲ့ အကျဥ်းသားတွေကို ထားဖို့အတွက် ပင်လယ်ထဲမှာ အကျဥ်းထောင်သင်္ဘောနဲ့ ထားရှိဖို့ ကတိပေးထားပါတယ်။

Ref: Reuters

Red News Agency

By Editor