ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်”

ငတွန်

လှေခွက်ချည်းကျန် အလံမလှဲအားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး  လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။

သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍လှေခွက်ချည်းကျန် အလံမလှဲ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

ဦးသုခက အများနားလည်ထားသည့်အတိုင်းပင် မဆုတ်နစ်သည့် ဇွဲကိုဖော်ညွှန်းကြောင်း ယူဆသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ပခုက္ကူဦးအုန်းဖေက ထိုစကားပုံသည် ပခုက္ကူဒေသမှစတင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကျယ်ရှင်းရလျှင် ရှေးအခါက အညာကုန်လှေများနှင့် အောက်ပြည်မှကုန်လှေများ ပခုက္ကူဒေသ၌ ဆုံကြသည်။ ကုန်များကို ကုန်းပေါ်သို့မတင်ဘဲ လှေပေါ်၌ပင် အရောင်းအဝယ်လုပ်ကြသည်။ ရောင်းလှေနှင့် ဝယ်လှေများကွဲပြားအောင် ကုန်ရောင်းသည့်လှေများက အလံထောင်ထားရသည်။ ကုန်စည်များ ရောင်း၍ကုန်လျှင် အလံကိုလှဲထားရသည်။

သို့သော်အချို့လှေများက ရောင်းစရာကုန်သွားသော်ငြား အလံကိုမလှဲဘဲ ဆက်ထောင်ထားသည်။ ဝယ်သူလာလျှင် အခြားလှေများပေါ်မှ ကုန်စည်များကိုယူ၍ အမြတ်တင်ရောင်းကြသည်။ ထိုသို့ဖြင့် လောဘကြီးပုံအကြောင်းပြောလိုလျှင်လှေခွက်ချည်းကျန် အလံမလှဲဆိုသည့် စကားပုံက ပြောစမှတ်တွင်လာခြင်းဖြစ်သည်ဟု ပခုက္ကူဦးအုံးဖေက ဦးသုခကို ပြန်ပြောင်းပြောပြဖူးသည်။

စကားပုံတစ်ခုကို ယခုကဲ့သို့ရှင်းပြရခြင်းမှာ အကြောင်းရှိပါသည်။ အကြောင်းမှာ အာဏာသိမ်းစစ်တပ်က ၎င်းတို့တပ်အတွင်း လျှို့ဝှက်ညွှန်ကြားသည့်စာတစ်စောင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသည်။ (သတင်းဌာနအချို့ကလည်း ဖော်ပြထားသည်။) ထိုညွှန်ကြားစာ၌ ၎င်းတို့၏တပ်သားများကိုလှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံကြရန်ဟု ညွှန်ကြားထားသည်။ စကားပုံများ၏ အနက်အဓိပ္ပါယ်များနှင့် ယှဉ်ထိုးကြည့်ပါမည်။

အများသိသည့် အဓိပ္ပါယ်အရဆိုလျှင် မင်းအောင်လှိုင်၏ စစ်တပ်အနေဖြင့် အဘက်ဘက်တွင်ရှုံးနိမ့်နေခြင်း၊ တပ်တွင်း၌ အင်အားအများအပြား ပြုန်းတီးနေခြင်းတို့ကြောင့် ယခုကဲ့သို့ မိမိဘက်မှရှုံးနိမ့်လျှင် သုံးလေ့ရှိသည့် စကားပုံကို အသုံးပြုလာခြင်းဟု မှတ်ယူနိုင်ပါသည်။

စစ်တပ်၏ ထုတ်ပြန်ချက်များ၌ စကားလုံးအသုံးအနှုန်းများ လွန်စွာသတိထားသုံးနှုန်းလေ့ရှိပြီး ယခုကာလ အဘက်ဘက်မှတိုက်ခိုက်ခံနေရချိန်၊ စိုးမိုးနယ်မြေများဆုံးရှုံးနေချိန်နှင့် တိုက်ဆိုင်စွာပင် ထိုစကားပုံကို အသုံးပြုလိုက်ခြင်းလည်းဖြစ်သည်။ တဖန် စကားပုံ၏ အခြားအဓိပ္ပါယ်ဖြစ်သော ပခုက္ကူဦးအုန်းဖေ၏ အဆိုအရ စစ်တပ်သည် လောဘကို အတောမသတ်နိုင်ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် မတရားရယူထားသည့် အာဏာနှင့် ကြွယ်ဝမှုများကိုကာကွယ်ရန် ၎င်းတို့တပ်သားများ၏အသက်ကို မနှမြောဘဲ အသေခံကာကွယ်ခိုင်းနေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ လခစား တပ်သား၊ အမျိုးသမီးစစ်သည်၊ ရဲမေများသာမက မှီခိုသူမိသားစုဝင်များကိုပါ အသက်ပေးကာကွယ်ကြရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ပေါက်ကြားလာသည့်လျှို့ဝှက်စာ၌ စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန်ဟု အမိန့်ပေးထားသည်။ ထိုကဲ့သို့ အသက်ပေးလေ့ကျင့်ပြီး စစ်အာဏာရှင်တို့၏ စည်းစိမ်းများကို ကာကွယ်နိုင်ရန်အတွက်လည်း စစ်တပ်က သကာရည်ပါသည်ဆိုရုံမျှ ခပ်ပါးပါးလောင်းပေးထားသည်။

အခြားမဟုတ် ၎င်းတို့၏အောက်ခြေတပ်သားများအတွက် တပ်တွင်းသက်သာဆိုင်များတွင် ကုန်ပစ္စည်းများမပြတ်စေရန် ညွှန်ကြားခြင်းသာဖြစ်ပေသည်။ ဆိုလိုရင်းမှာ အောက်ခြေတပ်သားများ၏ အသက်ကို တန်ဖိုးအနည်ငယ်မျှသာရှိပြီး အရည်အသွေးမပြည့်ဝသည့် ကုန်စည်များနှင့် အလဲအထပ်ပြုလုပ်ပြီး စစ်အာဏာရှင်တို့၏ စည်းစိမ်ကြွယ်ဝမှုများကို ကာကွယ်ခိုင်းနေခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် ခပ်ရင့်ရင့်ပြောရလျှင် စစ်အာဏာရှင်တို့က ၎င်းတို့တပ်သားတစ်ယောက် (သို့) မှီခိုသူတစ်ယောက်၏ အသက်တစ်ချောင်းနှင့် ထမင်းတစ်နပ် လဲလှယ်တိုင်း ကစားနေခြင်းသာဖြစ်ပေသည်။

အာဏာသိမ်းစစ်တပ်၏ အောက်ခြေတပ်သားများ၊ မိသားစုဝင်များအနေဖြင့် မိမိတို့၏တန်ဖိုးရှိလှသည့် အသက်များကို အဆိုပါတပ်တွင်းသက်သာဆိုင်များမှ အဖိုးနည်းကုန်စည်များနှင့် လဲ၏ မလဲ၏ ဆိုသည်မှာ ထိုအောက်ခြေတပ်သားတို့၏ ဆုံးဖြတ်ချက်များပေါ်တွင်သာ မူတည်နေတော့သည်။ စစ်အာရှင်များကတော့လှေခွက်ချည်းကျန် အလံမလှဲခိုင်းထားလေပြီ။ ။ 

Red News Agency

By Editor