ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

RNA_နိုဝင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အာဏာသိမ်းစစ်ကော်မရှင်တပ် ယာဉ်တန်းသည် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ရွှေကုက္ကိုဘက် ထွက်သွားကြောင်း မြဝတီဒေသခံထံမှ သိရသည်။

ဓာတ်ပုံ – ပုံဟောင်းများကို အသုံးပြုထားသည်။

ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များကို အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် နှိမ်နင်းသွားမည်ဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့က ကရင်နယ်ခြားစောင့်တပ် – BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားသည်။

ဓာတ်ပုံ – ပုံဟောင်းများကို အသုံးပြုထားသည်။

“စစ်တပ်ကတော့ အခုမနက် မြဝတီကနေ ဆင်းသွားတယ်။ BGF ကတော့ မနေ့က ပြောထားတယ်။ ဒါပေမဲ့ ညကတည်းက ရွှေကုက္ကိုမှာ ပြဿနာတွေ စတက်နေပြီ နောက်ဆုံးကျန်မှာကတော့ သာမန် စီးပွားရှာနေတဲ့ ရွှေကုက္ကိုနေတဲ့ အလုပ်သမားတွေ စျေးသည်တွေလည်း ကျန်မယ် ကျားဖြန့်အတွင်းက လူကုန်ကူးခံရတဲ့ အလုပ်သများတွေကျန်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုမနက်သတင်းကြားရတာက BGF ထိန်းချုပ်ထားတဲ့ ထိကသီရွာဘက်မှာ အဆင်သင့်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေဘက်ကို မနေ့ကတည်းက ဆရာဝန်တွေအပါအဝင် တရုတ်လူမိုက်သူဌေးတွေကို ရွှေ့ပြောင်းနေရာချထားပြီးပြီလို့လည်း ကြားနေရတယ်” ဟု မြဝတီအခြေစိုက် Red News Agency သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ – ပုံဟောင်းများကို အသုံးပြုထားသည်။

ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းသည်ဟုဆိုကာ အဆောက်အဦတစ်ချို့ကို ဖြိုချဖျက်ဆီးနေသော်လည်း ကျားဖြန့်လုပ်ငန်းများသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အများအပြားရှိနေသေးကြောင်း၊ တရုတ်နိုင်ငံမှစတင်လိုက်သည့် ကျားဖြန့်နှိမ်နင်းရေးတွင် အမေရိကန်လည်းပါဝင်လားပြီး မြန်မာ-ထိုင်း နယ်စပ်က ကျားဖြန့်များကိုလည်း ပစ်မှတ်ထားပြီး ရှင်းလင်းမည်ဟုပြောကြားထားသည်။

#RedNewsAgency #RNA #RedNews

By RNA Editor