ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

“စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်”

ကိုတင်ဖေ

အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။

အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ လမ်းမထက်မှာကော၊ မီဒီယာတွေမှာကော၊ ကမ္ဘာ့စာမျက်နှာထက်မှာကော သက်သေအဖြစ်တည်ရှိနေဆဲပါ။ ဘုရင်ရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဘာမဆိုလုပ်ဝံ့တယ်ဆိုကတည်းက ပြည်သူကိုအကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လာပါတယ်။

မဲစာရင်းကိုအကြောင်းပြ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့ကြတယ်၊ စစ်ကြောရေးတွေမှာ သတ်ဖြတ်ခဲ့ကြတယ် စာရင်းအတည်မပြုနိုင်တဲ့ အသတ်ခံရသူတွေရှိသလို့ စာရင်းအရဆိုရင်တောင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေသုံးထောင်ကျော်ကို သတ်ဖြတ်ထားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေရသူ တစ်သောင်းခွဲကျော်ရှိနေပါတယ်။ ပြည်သူရဲ့ မဟုတ်မခံ ခုခံတွန်းလှန်စစ်ဟာ ဒီ ၂ နှစ်ကျော်ကာလအတွင်းမှာတင် အတော်လေးခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။

စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်။ ဒါကိုလည်း ရာပြည့်က ဝန်ခံထားသလို Kamikaze ခေါ် အသေခံဒုံးတွေကြောင့် စစ်တပ်ရဲ့ အကြီးပိုင်းတွေဘယ်လောက်ထိ ထိခိုက်ခဲ့သလဲဆိုတာ မြဝတီမြို့ဖြစ်စဉ်က သက်သေပဲ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အနှံမှာလည်း လက်လုပ်မိုင်း၊ လက်လုပ်တစ်တောင့်ထိုးတွေကတစ်ဆင့် AK 47 သဏ္ဍန်တူ လက်နက်တွေကိုအောင်မြင်စွာထုတ်လုပ်လာနိုင်ပါတယ်။ ဒါက လက်နက်ငယ် အပိုင်းသာရှိသေးပြီးတော့ ၆၀မမ၊ ၈၀မမ လက်နက်ကြီးတွေကိုပါထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ တိုင်းရင်းသားဒေသက စစ်ပညာတွေနဲ့ Youtube အားကိုးသာရှိတဲ့ ပြည်သူတွေရဲ့ ခုခံစစ်ဟာ ခုချိန်မှာတော့ နယ်မြေ စိုးမိုးမှု ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီပဲ ဖြစ်ပါတယ်။ 

“ကျေးလက်ကို အခြေခံ မြို့ပြကို ဝိုင်း” ဆိုတဲ့အတိုင်း စစ်ကောင်စီအထိုင်တပ်​​တွေ၊ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေနဲ့ လက်အောက်ခံပျူစောထီးစခန်းတွေကို ပိတ်ဆို့ထားနိုင်တာဟာ ၂၀၂၂ ခုနှစ် ကုန်ပိုင်းကတည်းက ဖြစ်ပြီးတော့ စစ်တပ်က လက်နက်ဝယ်ယူ ဖြည့်တင်းနေရတဲ့အတွက်လည်း တိုင်းပြည်စီးပွားရေးက ထိုးကျလာပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ အာဏာရှင်စစ်ခေါင်းဆောင်တွေက ကာကွယ်ရေးဘတ်ဂျက်တွေကို ၎င်းတို့အိတ်ထဲသာ ထည့်နေတဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့ ပန်းရံလုပ်ပြီးလှူတဲ့ ငွေနဲ့ တိုက်တဲ့စစ်ကိုတောင်ယှဉ်နိုင်စွမ်းမရှိတာကိုတွေ့ရပါတယ်။

ခြောက်လတစ်ကြိမ်သက်တမ်းတိုးတာဟာ ၂ နှစ်ကျော်ကာလရောက်ရှိလာပြီဖြစ်ပြီးတော့ ဒီကာလတွေအတွင်းခေါင်းဆောင်တွေဟာ ယတြာချေတာနဲ့ ဘုရားတည်တာကလွဲရင် ကျန်တဲ့အလုပ်မရှိသလောက်ပါပဲ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက စလို့ မကွေး၊စစ်ကိုင်း ဒေသတွေမှာ စစ်ကောင်စီတပ်အပြောင်းအလဲတွေ၊ ခေါင်းစဉ်တပ် စစ်ကြောင်းတွေ ထိုးခဲ့ပေမဲ့ ပြည်သူ့ခုခံစစ်ကို ယှဉ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒီလိုပါပဲ ကရင်နီကို ကြည့်မလား ကရင်ကိုကြည့်မလား ချင်းကိုကြည့်မလား ဘယ်ကြည့်ကြည့်ပါ ပဲခူးနဲ့ရန်ကုန်တောင် စိုးရိမ်နေတာတင်မဟုတ် နေပြည်တော်ထိပါ ထိတ်လန့်တကြားဖြစ်နေကြရပါပြီ။ 

စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းပေးတွေ ထောင်နဲ့ချီသေဆုံးခဲ့ရပြီး ပျူစောထီးတွေငတ်ပြတ်မှုဒဏ်ခံရသည်အထိ တော်လှန်ရေးရုပ်လုံးပေါ်လာပြီဖြစ်ပြီး နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေတောင် လုံခြုံမှုမရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် ၂၀၂၂ ခုနှစ် နေပြည်တော်မှာ ပေါက်ကွဲခဲ့တဲ့ ပါဆယ်ဗုံးမှာကတည်းက သိသင့်နေပါပြီ။ ၎င်းတို့ကို မကာကွယ်နိုင်တဲ့ စစ်တပ်ကို တွန်းလှန်ဖို့ ဒါမှမဟုတ် ဝေးရာကို ထွက်ပြေးဖို့၊ ကာကွယ်ရေးအဖွဲ့တွေထံခိုလှုံဖို့ နည်းမျိုးစုံနဲ့ အသနားခံဆောင်ရွက်နေရသည်အထိ မကွေး၊ စစ်ကိုင်းက ပျူစောထီးတွေရဲ့အခြေနေကဆိုးလာပါတယ်။ 

​တချို့ဒေသတွေမှာဆိုရင် မြို့ပေါ်မှာ ပြစရာ စစ်တပ်အထိုင်စခန်းတစ်ခုသာ ရှိပြီးတော့ ဒီစခန်းကနေ အပြင်မထွက်နိုင်အောင်ပိတ်ဆို့ထားတာကြောင့်လည်း စစ်သားဆိုတာ မမြင်ဘူးကြတော့သည်အထိ စစ်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးယန္တယားကို တွေ့နိုင်ပါတယ်။ လမ်းတလျှောက်ကာကွယ်ရေးဂိတ်ပေါင်းစုံကို ဖြတ်သွားရတဲ့ စစ်တပ်လော်ဘီ တစ်ယောက်ရဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းမျိုးတွေဆိုတာ တကယ့်မြေပြင်မှာပါ ဖြစ်ပျက်နေတာပါ။

ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး အစီရင်ခံစာမှာလည်း ခုခံစစ်ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခြား လေကြောင်းတိုက်ခိုက်နိုင်တာ လေယာဉ်ပစ်တွေရှိနေတာတွေဟာ စစ်ကောင်စီအတွက်တော့ အတော်ထိတ်လန့်စရာဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့အောင်ပွဲ တော်လှန်ရေး ရလဒ်ဖြစ်ပါတယ်။ ပြည်သူတွေဟာ စစ်အာဏာရှင်ကို အလိုမရှိတာ တကမ္ဘာလုံးအသိဖြစ်ပါတယ်။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတာ ကူညီနေတာတွေ နည်းမျိုးစုံနဲ့ လုပ်နေတာ​ ဖြစ်ပါတယ်။

၂ နှစ်အတွင်း စစ်တပ်ဘက်ကနေ ပြည်သူဘက်ကိုခိုလှုံလာသူ ၁၅၀၀၀ နဲ့အထက်ရှိပြိးတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်တပ်ပြေးနေသူတွေ၊ ပျောက်နေသူတွေအများကြီးပါပဲ။ သတင်းမီဒီယာတွေမှာတက်လာတဲ့သတင်းတွေအရ အထက်အရာရှိကိုပြန်လည်ပစ်ခတ်ပြီးမှ ထွက်ပြေးသူတွေတောင်ရှိလာတာပါ။ ဒီကနေ့ NUG-MOD ရဲ့ အစီရင်ခံစာအရဆိုရင် စစ်ကောင်စီတပ်မှာ မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ နဲ့ လေတပ်၊ ရေတပ်နဲ့ လက်ရုံးတပ်အားလုံးပေါင်းရင် ၂၂၅၀၀၀ ( နှစ်သိန်းနှစ်သောင်းငါးထောင်) ရှိမယ်လို့ခန့်မှန်းထားပြီးတော့ ခုခံနှစ် ၂ နှစ်အတွင်းမှာ ၃၀၀၀၀ ( သုံးသောင်း) ခန့် ချေမှုန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

စစ်ခေါင်းဆောင်တွေဟာ ရာစုသစ်တခုမှာ အာဏာတည်မြဲနိုင်မယ်လို့ ယုံကြည်ပြီး သိမ်းခဲ့ပုံပါ။ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေအတွက်မင်းအောင်လှိုင်ကိုယ်တိုင်တောင် ဘာမှပြင်ဆင်ထားခြင်းမရှိခဲ့တာ ၂၀၂၂ ခုနှစ်အတွင်းက နိုင်ငံခြားမီဒီယာနဲ့ အင်တာဗျူးမှာတွေ့နိုင်ပါတယ်။ ကရင်ပြည်နယ်ကော့ကရိတ်တိုက်ပွဲ၊ လေ့ကေ့ကော်တိုက်ပွဲ၊ မြဝတီအနီးက လက်ခတ်တောင်တိုက်ပွဲတွေကတဆင့် သထုံ၊ ဘီးလင်း၊ ရေးဘက်အထိ နယ်မြေကျယ်ပြန့်လာသလို ဒေါတမကြီးနေ နေပြည်တော်အနီးထိ ကရင်နီတပ်တွေက ခြေဆန့်လာပါပြီ။ 

ရက္ခိုင့်တပ်တော်နဲ့ ခဏတာစစ်ပြေငြိမ်းထားပေမဲ့ ၂၀၂၂ ခုနှစ်တိုက်ပွဲတွေအတွင်း စစ်တပ်က အထိနာခဲ့ပါတယ်။ လက်ရှိ​အခြေနေမှာလည်း ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ အစုလိုက်အပြုံလိုက် မြေသြဇာဖြစ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာမှာပြန့်နှံ့နေပါတယ်။ လိုင်ဇာကို သိမ်းမယ်ဆိုတဲ့ စစ်တပ်ဟာ အင်ဂျာယန်၊ ဖားကန့်နဲ့ မိုင်ဂျာယန်ဒေသကစခန်းတွေကိုပါ စွန့်လွှတ်ထားရတာပါ။ တဘက်မှာလည်း မြောက်ပိုင်းမဟာမိတ်က TNLA နဲ့ စစ်ရေးအရတင်းမာနေပြီး မကြာသေးခင်လပိုင်းတွေက TNLA ကဆော်လိုက်လို့ တစ်တပ်လုံးပြုတ်ခဲ့ရပါသေးတယ်။ 

သတင်းရဲ့ သဘောတရားအရ ပုံမှန်ဖြစ်ပျက်နေတာကို မထူးဘူး၊ သတင်းလို့ ယူဆလို့မရတော့ဘူးဆိုပေမဲ့ လူစိတ်ဝင်စားရင်တော့ သတင်းအဖြစ်ဖော်ပြနေကြဆဲပါ။ ဒီလိုမျိုးပဲ ပြည်သူက လူမှုကွန်ယက်စာမျက်နှာ ဖွင့်လိုက်ရုံနဲ့ ဒီနေ့တော့ မုန့်ဟင်းခါးဘယ်နှစ်ပွဲ ဆိုတာမျိုးကို သတင်းသဘောမျိုးထက်စာရင် နေ့စဉ်သုံးဆောင်စဖွယ်အဖြစ်စားသုံးနေကြပြီပဲ ဖြစ်ပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်ကျော် ပြည်သူ့ခုခံစစ် ၂ နှစ်တာကာလအတွင်းစစ်ကောင်စီဘက်ကရလိုက်တာဆိုလို့ သောကတွေပဲရှိခဲ့တာပါ။ တပ်ပျက်တယ် ပြိုကျဖို့ နည်းနည်းသာ လိုပါတော့တယ်။ နေပြည်တော်ကို လုံအောင်မနည်းထိမ်းနေရတဲ့ အခြေအနေပါ။ ကမ္ဘာပေါ်မှာ ပေါက်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေနဲ့ ယှဉ်ရင်တော့ ၂၁ နွေဦးတော်လှန်ရေးဟာ အဲဒါတွေထက် စောနိုင်ပါ။ အခြေအနေတွေက နေ့ချင်းညချင်း ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဒါတွေက ပြည်တွင်းအခြေနေတွေပဲ ဖြစ်ပြီးတော့ ပြည်ပရဲ့ဖိအားတွေကိုလည်း ရင်ဆိုင်နေရတဲ့ စစ်တပ်ရဲ့ နိဂုံးဟာ ၂၀၂၄ လား မကြာတော့တဲ့ အချိန်လေးကို စောင့်ကြည့်ရတော့မှာပါခင်ဗျား။ ။ 

Red News Agency

By Editor