ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

Photo : KNU

“ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ”

ငြိမ်းမောင်

KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ ” ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် ဘာသက်ရောက်မှုမှ လည်းမရှိဘူး။ တပ်ထု၊ လူထုကလည်း လိုက်ပါနိုင်စရာမရှိတဲ့အတွက် အစိုးရိမ် မလွန်ကြဖို့ ပြောချင်ပါတယ်” လို့ ဆိုထားပြီးသားပါ။

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး ၊ CEC ဟောင်း စောရာဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဌ တာဝန်မှ အနားယူထားသူ  စောရွှေမောင်း တို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ  စက်တင်ဘာ ၃၀ ရက်က  တွေ့ဆုံခဲ့မှုဟာ လုံးဝမရှိကြောင်း KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအနေနဲ့လည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားမဝင်တဲ့  တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်းကိုလည်း KNU က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီက KNUအတွင်း ရှုပ်ထွေးစေအောင်ပြုလုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး တိုက်ပွဲဝင်နေတဲ့  မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေး လုပ်ဆောင်တဲ့  စစ်တပ်ရဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Photo : KNU

KNU ဟာ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရေး ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ အတိအလင်း သတင်းထုတ်ပြန်ခဲ့မှုတွေကို ကြည့်ရင် KNU က ရပ်တည်ချက်သဘောထား ခိုင်မာကြောင်း ပြသခဲ့တာတွေ့ရပါတယ်။ ပြီးတော့ လက်တလောမှာ NUG လက်အောက်က PDF တွေကိုလည်း အကူအညီအများကြီး​ ပေးထားတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်။ 

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်က တည်းက ၂၀၀၈ ခြေဥဟာ ပျက်သွားပြီဖြစ်တယ်၊၂၀၀၈ ခြေဥအောက်က ပေါ်လာတဲ့ NCA ဆိုတာလည်း အလိုလို ပျက်ပျယ်သွားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းကတည်းက KNU ရဲ့ ရပ်တည်ချက်က ပြတ်သားခဲ့ပြီး ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးစရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပြီးသားပါ။ အခုလည်းပဲ KNUအတွင်း ရှုပ်ထွေးစေအောင်၊ တိုက်ပွဲဝင်နေတဲ့  မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေအောင် စစ်ကောင်စီကြိုးပမ်းတဲ့ အစီအစဉ်ကို သဘောထားရှင်းရှင်းလင်း ထုတ်ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။

ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ။ မင်းတို့ ကလိမ်ကကျစ် ဥာဏ်စဥ် KNU အချင်းချင်း သွေးကွဲဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သပ်လျိုဖို့ လုပ်မနေနဲ့တော့၊ အရာရောက်မှာမဟုတ်ဘူး။ တိုက်စရာရှိတာ တိုက်မယ်၊ စစ်အာဏာရှင်ကိုအမြစ်ပြတ်အောင် ချေမှုန်းမယ် ဆိုတဲ့ ခိုင်မာတဲ့ သံဓိဌာန်ကို ပိုပြီးခိုင်မာအောင် ပြလိုက်တာပါ။

အမှန်တော့ စစ်တပ်က  ၂၀၀၈ ခြေဥကို ဖျက်ပြီး အာဏာသိမ်းလိုက်ကတည်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုတာ လုပ်စရာအကြောင်းမရှိတော့ပါ၊ အာဏာသိမ်းပြီး နိုင်ငံအဝှမ်းက အပြစ်မဲ့ ပြည်သူတွေကို လက်နက်ကိုင် အင်အားသုံးပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့စစ်တပ်ဟာ အကြမ်းဖက်လုပ်ရပ်တွေ အကြမ်းဖက်အဖွဲ့အစည်းရဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်လို့ အကြမ်းဖက်တပ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း “NCA နဲ့ ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး” လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဆိုထားပါတယ်။ 

အကြမ်းဖက် စစ်တပ်ဟာ အသက်မဲ့နေတဲ့ NCA ကို အသက်သွင်းပြီး NCA တရားဝင် ရှိနေတယ်၊ နိုင်ငံတကာက ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ လက်မှတ်ထိုးခဲ့တာ ဘာညာ ပါးစပ်က တစ်ဖွဖွပြောနေပေမယ့် စစ်တပ်ဟာ NCA စာချုပ်သဘော တူညီချက်ကို ချိုးဖောက်ပြီး ပြည်သူကို သတ်နေခဲ့တယ်။ စစ်ကောင်စီဟာ လက်နက်ကိုင်အချို့နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးသယောင်ပြနေတာရှိပါတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လူထုထောက်ခံမှုမရှိတာလည်း အားလုံးအသိဖြစ်ပါတယ်။

စစ်မြေပြင်မဟုတ်တဲ့ အရပ်သားနေထိုင်ရာဒေသ ကျေးရွာတွေကို လေယာဉ်တွေသုံးပြီး ဗုံးကျဲတာ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ ငြိမ်းချမ်းရေးလိုလားပါတယ်ဆိုတာ ဘယ်လိုမှလက်ခံလို့မရတဲ့ အနေအထားဖြစ်တယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကမ္ဘာကလည်း သိနေပြီး ဖြစ်ပါတယ်။ အခုလို ဘက်ပေါင်းစုံမှာ စစ်မျက်နှာ ဖွင့်နေရတဲ့ စစ်ကောင်စီဟာ KNU အပေါ် လေလှိုင်းကနေ ဝါဒဖြန့် တိုက်ခိုက်တာလည်း လုပ်နေပါတယ်။

အထူးသဖြင့် အသစ်တက်လာတဲ့ KNU ခေါင်းဆောင်ပိုင်းနဲ့ လက်အောက်တပ်မှူးတချို့က အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော် CRPH တို့ နဲ့ ပေါ်ပေါ်ထင်ထင်ဆက်ဆံတဲ့အပေါ် အတော်ကိုအထိနာနေပုံရပါတယ်။ဒါကြောင့်လည်း KNUအတွင်း ရှုပ်ထွေးစေအောင်ပြုလုပ်တဲ့ လုပ်ရပ်၊ တိုက်ပွဲဝင်နေတဲ့  မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေး လုပ်ဆောင်တဲ့  ကြိုးပမ်းနေတာပါ။ တော်လှန်ရေး အရှိန်တန့်သွားအောင် KNU အတွင်း အချင်းချင်း စိတ်ဝမ်းကွဲအောင်၊ KNU ထဲက တစ်ချို့ စစ်တပ်ဘက်ပါလာအောင် ကြိုးပမ်းနေတဲ့အစီအစဥ်တွေ ဆက်တိုက်လုပ်လာတာပါ။ ဒါမှလည်း ကရင်ဘက်ကို ခဏအပစ်ရပ်ထားပြီး ချင်း၊ ကချင်၊ မကွေး၊ စစ်ကိုင်းဘက် စစ်မျက်နှာတွေကို ဖိလို့ရမယ်ဆိုတဲ့ အကြံနဲ့ပါ။ ကရင်ကောင်းစားစေဖို့လည်းမဟုတ်၊ မူတူစေးဖိုးနဲ့ စစ်ကောင်စီတွေနဲ့ ဆွေးနွေးနေကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်အတွက် လုံးဝမဟုတ်ပါ။

အခုစစ်တပ်အုပ်စုနဲ့ တွေ့ဆုံခဲ့တဲ့ မူတူးစေးဖိုးအပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ ၂၀၁၂ လောက်က KNU ကနေ ထုတ်ပယ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ဖူးတယ်။ အဲ့တုန်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေး ဌာနတာဝန်ခံ ဖဒိုစောဒေးဗစ်ထောနဲ့ကျန်းမာရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးစောရောဂျာခင်တို့ကို အမိန့်မနာခံမှု၊ အဖွဲ့အစည်းအတွင်း သွေးကွဲအောင်ဆောင်ရွက်မှု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဖယ်ရှားခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ဖူးပါတယ်။ အဲ့လို ထုတ်ပယ်ခဲ့လိုက်မယ့်မူတူးစေဖိုးက KNUအတွင်းမှာ သွေးမကွဲအောင်နဲ့ KNUအုပ်ချုပ်ရေးအောက်ခံအုပ်ချုပ်ရေးဒေသက ပြည့်သူတွေအကြားမှာ မကွဲပြားအောင် ပြောဆိုသုံးနှုန်းခဲ့တဲ့အတွက်လည်း KNU က အရာရှိတွေသွားရောက်တွေ့ဆုံးခဲ့ရတဲ့အထိ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အဲဒီ ကိစ္စကိုတော့ အကျယ်ရေးမပြတော့ပါဘူး။ 

Photo : KNU

အဓိက ပြောလိုတာက အဲဒီ ၃ ယောက်ထဲက မူတူးစေဖိုးနဲ့ စောရောဂျာခင်တို့က တစ်ခြားတစ်ယောက်ဖြစ်တဲ့ ပဒိုရွှေမောင်းနဲ့အတူ စစ်ခေါင်းဆောင်နဲ့ တွေ့ခဲတာပါ။ နဂိုကတည်းက မူတူးစေဖိုးနဲ့ စောရောဂျာခင်တို့ဟာ KNU အတွင်းမှာ သွေးမကွဲအောင်လုပ်တတ်တဲ့ အကျင့်ရှိနေတာပါ။ အခုလည်းပဲ စစ်အုပ်စုနဲ့တွေ့ဆုံခဲ့တယ်။ စစ်တပ်ကလည် KNUအတွင်း ရှုပ်ထွေးအောင်၊တော်လှန်ရေး မဟာမိတ်များနဲ့နားလည်မှုလွဲမှားအောင်  မူတူးစေးဖို့တို့ကို စစ်တပ်က အသုံးချလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချိန်ကလည်း အင်အားကောင်းတဲ့ KNU ကို အကွဲအပြဲတွေဖြစ်အောင်လုပ်ခဲ့ပါတယ်။ အခု ကွဲထွက်နေတဲ့ DKBA နဲ့ KNU/KNLA-PC ဆိုတာတွေဟာ တချိန်က KNU က ခွဲထွက်ခဲ့ကြသူတွေဖြစ်ပါတယ်။ 

တကယ်တော့ အကြမ်းဖက် စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို လက်နက် ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို နည်းမျိုးစုံနဲ့ ချေမှုန်းဖို့ လုပ်လာခဲ့တာပါ။ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာနယ်မြေအတွင်း ရောက်နေတဲ့ NUG အပါအဝင်တော်လှန်ရေးအဖွဲ့အစည်းများ၊ KNU ကြားသွေးကွဲလာအောင် ၊NUG နဲ့ KNU အကြား ကွဲလွဲလာအောင်လုပ်တာတွေကို နည်းမျိုးစုံနဲ့ ၂၀၂၁ ကတည်း က သပ်လျှိုဖြိုခွဲနေခဲ့တာ ဖြစ်ပါတယ်။ ဘယ်မှာအောင်မြင်လို့လဲ။ ခေါက်ရိုးကျိုးနေတဲ့ နည်းလမ်းဟောင်းတွေနဲ့ ၂၀၂၁ နွေးဦးတော်လှန်ရေးအရှိန်အဟုန်ကို ရပ်တန့်လို့မရနိုင်အောင် အရှိန်အဟုန်က ကြီးမားလာခဲ့ပါပြီ။ တော်လှန်ရေးတပ်ဖွဲ့အသီးသီးဟာ တစ်စ တစ်စ အင်အားကြီးမားလာပြီဖြစ်ကာ ခုခံစစ်ကနေ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ခန်းသိမ်း မြို့သိမ်းတိုက်ပွဲများအထိ စွမ်းစောင်လာနိုင်ခဲ့ပါပြီ။

ကရင်အမျိုးသားအစည်းအရုံး – KNU ဆိုတာ၂၀၁၅ ခုနှစ်က  စစ်တပ်နဲ့အပစ်ရပ် NCA စာချုပ်လက်မှတ်ရေးထိုးထားခဲ့ပေမယ့် ၂၀၂၁ ကစလို့ ဒီနေ့ဒီအချိန်အထိ  NUG၊ CRPH စတဲ့ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ ​နိုင်ငံရေးအရ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်နေပြီး PDF တပ်ဖွဲ့အသီးသီးအပေါ် လေ့ကျင့်သင်ကြားလက်ခံထားတာ၊ PDF တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေမှာ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိနေပါတယ်။ အကြမ်းဖက် စစ်တပ်က ဘယ်လိုပဲ သွေးခွဲ သပ်လျှိုဖြိုခွဲဖို့ ကြံစည်နေပါစေ KNU၊ NUG၊ PDF၊ တော်လှန်ရေး မဟာမိတ်များဟာ ပိုနေမြဲကြားနေမြဲ စစ်အာဏာရှင်အမြဖြတ်ရေး အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နေကြသလို ဆက်လက်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် လက်တွဲကြမယ်ဆိုတာ ယုံမှားသံသယမရှိကြောင်း တင်ပြလိုက်ရပါတယ်။ 

Red News Agency

By Editor