“ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်”
ငြိမ်းမောင်
e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း နေထိုင်သူတစ်ဦး ချင်းစီရဲ့ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လူတစ်ဦးချင်းစီ ကိုကိုယ်ပိုင် နံပါတ်တစ် ခုစီ ထုတ်ပေးဖို့နဲ့ e-Government Application များမှာ အသုံးပြုနိုင် အစီအစဥ်တွေပါဝင်ပါတယ်။
National Database စနစ်တည် ဆောက်ပြီး e-Government Application နဲ့ Single Platform အဖြစ် ချိတ်ဆက်အသုံးပြုဖို့ပါ။ ဒီ e-ID စနစ်ကို အကောင်အထည် ဖော်နိုင်ရေး ပထမအဆင့်အနေနဲ့ နိုင်ငံတွင်း နေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြုပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက် အလက် (Biographic Data) နဲ့ လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓါတ်ပုံ (Biometric Data) များ ကောက်ယူမယ်၊ Database မှာ သိမ်းဆည်းပြီးတော့ လူတစ်ဦးချင်းစီအတွက် (Unique ID Number) ကို (Random) နဲ့ သတ် မှတ်ပေးမယ်၊ ပြီးရင်မှတ်ပုံတင်ထိန်းသိမ်းမယ်။ ဒုတိယ အဆင့်အနေနဲ့ electronic စနစ်နဲ့ မှတ်ပုံတင်ထားသူများအနက်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသား အရည်အချင်း ရှိသူများကို စိစစ်အတည်ပြုပြီးတော့နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးတာတွေ လုပ်ငန်းစဉ် မှာပါဝင်ပါတယ်။
ဒီလို စီစဉ်ပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ အောက်တိုဘာမှာတော့ နိုင်ငံတွင်းမှာ နေထိုင်သူ အသက် (၁၀) နှစ်နဲ့ အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီး Database မှာသိမ်းဆည်းမယ်၊ ဂဏန်း ၁၀ လုံး ပါတဲ့ Unique ID နံပါတ်ထုတ်ပေးတာကိုလည်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ လဝက က ပြောလာပြန်ပါတယ်။ ပြည်တွင်း နည်းပညာအကြံပေးတွေ၊ ပြည်တွင်းနည်းပညာဆိုင်ရာပညာရှင်တွေနဲ့ ညှိနှိုင်းပြီး System Architecture Design၊ e-ID စနစ်ဆိုင်ရာစီမံချက် Master Plan ၊ နည်းဥပဒေနဲ့ နိုင်ငံခြားသား အကြံပေးငှားရမ်းခြင်းဆိုင်ရာ TOR ရေးဆွဲအတည်ပြုခြင်းတွေကို ဆောင်ရွက်ခဲ့ပြီးပြီလို့လည်း ပြောပါတယ်။
ဒီလို e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရာမှာ ပြည်တွင်းကနည်းပညာရှင်အကူအညီနဲ့ Software ရေးဆွဲပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်ရုံးများမှာရှိတဲ့ နိုင်–၄ မှတ်တမ်း ၅၂ သန်းကျော်ကို e-ID Biographic Registration System အတွင်း ဖြည့်သွင်းခဲ့ပြီးပြီလို့လည်း ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ပြောခဲ့ပါတယ်။ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC ၊ PR ရရှိသူတို့ရဲ့ အချက်အလက်တွေကိုလည်း Database Server အတွင်း ဆက်လက်ထည့်သွင်းခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ၁၃ သန်းကျော်ကို နိုင်–၄ Database Server မှ တစ်ဆင့် Household Registration Software Program အတွင်းသို့ ထည့်သွင်းပြီးစီးခဲ့ပြီးပြီလို့လည်း ပြောခဲ့ပါတယ်။
အဲဒီနောက် ၁ နှစ်အကြာ အခု ၂၀၂၃ အောက်တိုဘာ ၆ ရက်နေ့မှာ အာဏာသိမ်းဒုစစ်ခေါင်းဆောင် စိုးဝင်းက National Database စနစ်တည်ဆောက်ရေး ပြသ်ဆင်နေပြီဖြစ်ကြောင်း ပြောကြားလာပါတယ်။ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေနဲ့ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့ကို အခြေခံပြီး နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်းကို အီလက်ထရောနစ်စနစ်နဲ့ ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဥပဒေများ (မူကြမ်း) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။ e-ID စနစ်ကို အကောင်အထည်ဖော်တဲ့အခါ ကိုယ်ရေးအချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်း ထည့်သွင်းတာ၊ ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူတာ၊ စိစစ်တာနဲ့ Unique ID (UID) နံပါတ်ထုတ်ပေးတာ၊နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကတ်ပုံစံ အလွတ်များ ထုတ်လုပ်တာ၊ကတ်ပုံစံအလွတ်များမှာ ကိုယ်ရေးအချက်အလက်များထည့်သွင်းတာ၊ e-ID စနစ် လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲတာ စတဲ့ အဆင့် (၅)ဆင့်နဲ့ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာပါ။
e-ID လို့ ခေါ်တဲ့ အီလက်ထရောနစ်နည်းပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံအတွင်းတွင် တရားဝင်မှီတင်နေထိုင်နေကြသူအားလုံးရဲ့ ကိုယ်ရေးအချက်အလက်များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး Database ထဲမှာ သိမ်းဆည်းထားမယ်။ လိုအပ်ပါက လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက် အလက်များကို ပြန်လည်ရှာနိုင်ဖို့ လူတစ်ဦးချင်းစီရဲ့ Unique Identification Number များ ထုတ်ပေးတာတွေ လုပ်မယ်လို့လည်း ပြောပါတယ် ။
e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့် ၁ အနေနဲ့ နိုင်ငံသားများ၏ ကိုယ်ရေးအချက် အလက်မှတ်တမ်း (နိုင် – ၄) ၅၂ သန်းကျော်နဲ့ အိမ်ထောင်စုလူဦး ရေစာရင်းပုံစံ (၆၆/၆) ၁၃ သန်းကျော် တို့ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးခဲ့ပြီလို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင်စိုးဝင်းက ထပ်ပြောလာပြန်ပါတယ်။ ဒီပြောကြားချက်မှာပါတဲ့ (နိုင် – ၄) ၅၂ သန်းကျော်နဲ့ အိမ်ထောင်စုလူဦး ရေစာရင်းပုံစံ (၆၆/၆) ၁၃ သန်းကျော် တို့ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးသွားပြီဆိုတာ ပြီးခဲ့တဲ့ နှစ်ကတည်းက လဝကဝန်ကြီးဆိုသူ ပြောထားပြီးသား ဖြစ်နေပါတယ်။
အာဏာသိမ်းဒုခေါင်းဆောင်ကတော့ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေနဲ့ စကောက်ခဲ့ပြီး အခုအခါမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ကောက်ယူနေတယ်လို့လဲ ပြောသွားပါတယ်။ အုပ်ချုပ်ယန္တရားများ မြန်ဆန်စွာ လည်ပတ်နိုင်ဖို့နဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ကွန်ပြူတာ စနစ်ချိတ်ဆက်ရှာဖွေအသုံးပြုမယ်လို့လည်း ပြောသွားပါတယ်။ ဒါကြောင့် National Database ဖော်ဆောင်နေတယ်ဆိုတာအာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
Biometrics ဆိုတာ လက်ဗွေများ၊ မျက်လွှာ၊ မျက်နက်ဝန်း၊ ပြောသံဆိုသံ၊ မျက်နှာပုံပန်းသဏ္ဌာန်၊ လက်အရွယ်အစားစတာတွေ အစစ်မှန်ဟုတ် မဟုတ် စစ်ဆေးတဲ့နေရာတွေမှာ အမျိုးမျိုးသုံးခဲ့ကြတယ်။ လူတစ်ဦးတစ်ယောက်ခြင်းရဲ့ ကွဲပြားခြားနားသော ရုပ်ပိုင်းဆိုင်ရာ ဒါမှ မဟုတ် ဝိသေသလက္ခဏာများအပေါ်မူတည်ပြီး သက်သေခံအထောက်အထားအဖြစ်စိစစ်နိုင်တဲ့ ကွန်ပျူတာနည်းပညာအခြေပြုအချက်အလက်များဖြစ်ပါတယ်။
စိစစ်မှုအတွက်အသုံးပြုတဲ့အခါ လက်ဗွေမှတစ်ဆင့် သက်သေခံအသုံးပြုတာ၊ မျက်နှာသွင်ပြင်မှတစ်ဆင့် သက်သေခံမှုပြုလုပ်တာ၊ မျက်လုံးမှတစ်ဆင့် သက်သေခံမှုပြုလုပ်တာ၊ အသံမှတစ်ဆင့် သက်သေခံမှုပြုလုပ်တာအပါအဝင်လူတစ်ဦးရဲြမျိုးရိုးဗီဇဆိုင်ရာအချက်အလက်များ(DNA)မှတစ်ဆင့် သက်သေခံမှုပြုလုပ်တာတွေပါ နည်းလမ်းမျိုးစုံ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ် ။
ဒီလိုအီလက်ထရောနစ်မှတ်ပုံတင်စနစ် ပြုလုပ်ရေးဆိုသည့်အကြောင်းပြချက်နဲ့ ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။
(Biometric Data) များဟာ နိုင်ငံအတွက် လုံခြုံရေးစနစ်တစ်ခု ဖန်တီးနိုင်ရေး၊ လေဆိပ်အဝင်အထွက်၊ နယ်စပ်ထိန်းချုပ်မှု၊အစိုးရရဲ့ဝန်ဆောင်မှု စီမံခန့်ခွဲမှုများပိုမိုကောင်းမွန်စေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မှုခင်းကာကွယ်ရေးနှင့် စုံစမ်းဖော်ထုတ်ရေး၊ လူဝင်လူထွက်မှတ်တမ်းများကို စောင့်ကြည့်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနဲ့နိုင်ငံများအကြား ရာဇဝတ်မှုဆိုင်ရာချိတ်ဆက်နှိမ်နင်းရေးတို့အတွက်လိုအပ်တဲ့ သတင်းအချက်အလက်မျှဝေမှုများအထိ အသုံးဝင်လှပါတယ်။
ဒီနေရာမှာပြောစရာရှိနေတာက အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုလက်ထဲမှာတော့ တင်းကြပ်သည့်ချုပ်ကိုင်မှုများနဲ့ စောင့်ကြည့်မှုများကိုလုပ်ဆောင်နိုင်တဲ့အခြေ အနေများမှာလည်း စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် ရှိနေပြန်ပါတယ်။ အခုလို အာဏာလု အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံအဝှမ်းမှာ စစ်ရေး၊စီးပွားရေး၊ လုံခြုံရေးစတဲ့ နိုင်ငံရေး အကျပ်အတည်းဆိုက်ပြီး ထွက်ပေါက်ပိတ်နေချိန်မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့အတွက် Biometric Dataများကို အသုံးချမှာ ဖြစ်သလို ပြည်သူလူထုကို တင်းကြပ်သည့်ချုပ်ကိုင်မှုများနဲ့ စောင့်ကြည့်မှုများ လုပ်ဆောင်ဖို့အတွက် Biometric Data ကောက်ယူရေး လုပ်ငန်းစဥ်ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ။
Red News Agency