စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၅ခုနှစ်။

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူအပြစ်ပေးနိုင်ရန် NUG စလင်းမြို့နယ် တရားရေးအဖွဲ့မှ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေသည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ​မှာ ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်မှာ စစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေ ကို ပြည်သူများ၏ သတင်းပေးပို့မှုအရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်နေ့က စစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် “တရားမဝင်အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နှင့်သဘောထားထုတ်ပြန်ကြေညာချက်”ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုဝင်ဘာ ၆ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် အတင်းအကြပ် မဲပေးစေခိုင်းသူများကို တိုင်ကြားနိုင်ရန်အတွက် အသိပေးထုတ်ပြန်ထားပြီးလည်းဖြစ်သည်ဟု ပြောထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor