“စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်”
ရန်နိုင် – Wiper
စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး စစ်တပ်မုန်းတီးသူ ပြည်သူတွေသာ သိသိသာသာများပြားလာခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ အမြင်မှာ စစ်တပ်နဲ့စစ်သားတွေကို “စစ်ခွေး”ဆိုတဲ့ အသုံးအနှုန်းနဲ့ ရွံ့စရာကောင်းတဲ့ လူမဆန်သူတွေအဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ တိုင်းပြည်အတွက် ခေါင်းမော့၊ ရင်ကော့ပြီး တိုက်ပွဲဝင်မယ်လို့ ခံယူပြီး စစ်တပ်ထဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကတော့ ပြည်သူတွေရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတော့လို့ CDM ဝင်ပြီး ပြည်သူတွေကို ရပ်တည်လာခဲ့ကြတယ်။













