ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်
ကျော်ရဲစံ
မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။
ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။
ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။
စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။
က.ပ.စ စက်ရုံတွေတည်ရှိရာနေရာတွေဟာ ပုသိမ်-မုံရွာ လမ်းပိုင်းနဲ့ လည်း ထိစပ်နေကြတာဖြစ်ပြီးတော့ စစ်ကောင်စီက ကုန်ကြမ်း သယ်ယူဖို့ အတွက် ဒီလမ်းတွေကို အသုံးချနေကြရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကာကွယ်ရေးအဖွဲ့တွေက ပုသိမ် – မုံရွာလမ်းကို နယ်မြေစိုးမိုးဖို့ ကြိုးစားလာတာပါ။ မကွေးတိုင်းအနောက်ခြမ်းက ပုသိမ် – မုံရွာလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ စစ်ကောင်စီအတွက်ကော PDF တွေအတွက်ပါခက်ခဲပါတယ်။
ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်။
အဲဒီ ဒေသမှာ အဓိကလှုပ်ရှားနေတာက စစ်ကောင်စီရဲ့ တပ်မ ၁၀၁ လက်အောက်ခံတပ်တွေ၊ က.ပ.စ ၂၅၊ က.ပ.စ ၁၄ နဲ့ ဝါစိုက်ပျိုးရေးတပ်- ပွင့်ဖြူနဲ့ ပျူစောထီးတွေ၊ တပ်မ ၈၈ ၊ တပ်မ ၉၉ ၊ ခလရ ၁၀ စကု တပ်တွေပဲ ဖြစ်ပါတယ်။ ဒီတပ်တွေဟာ တိုက်ခိုက်ရေးတပ်တွေမဟုတ်ပဲ တိုက်ပွဲ ဝင်နေရတာဖြစ်ပြီးတော့ PRA Magway နဲ့ စေတုတ္တရာ မှာ တိုက်ပွဲ ဖြစ်တုန်းက ရှက်စရာကောင်းလောက်အောင်ကို စစ်ကောင်စီက စစ်ရှုံးခဲ့တာပါ။ သက္ကယ်ကျင်း ၊ သက္ကယ်တောင် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား တစ်ရာကျော်နဲ့ တက်ပြီး LPDF အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ PRA Magway ကို တိုက်ခိုက်တာတောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ငါးကြင်းမြီးလို စက်လက်နက်တွေဆုံးရှုံးရပြီး အလောင်းတောင်မကောက်နိုင်ပဲ အရှက်တကွဲ ဖြစ်ခဲ့ရတာပါ။
ဒါ့ကြောင့်ပဲ စစ်တပ်က မကွေးနဲ့ချင်းအစပ်ကို ရံဖန် ရံခါ စစ်ကြောင်းထိုးနေတာကလွဲ ပြီးတော့ အင်အားသုံးပြီး တပ်ဆွဲ ခုခံတာမျိုးမလုပ်ပါဘူး။ ၂၀၂၃ ခူနှစ်အတွင်းမှာတင် စလင်းမြို့နယ်နဲ့ စေတုတ္တရာမြို့နယ် ကျွန်းတောစခန်း၊ တပွင့်စခန်းတွေဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ စီးနင်းတာကို ခံခဲ့ရပြိး တပွင့်စခန်းဆို စခန်းပါလက်လွှတ်ခဲ့ရလို့ ခုချိန်ထိပြန်ရဖို့ ကြိုးစားနေဆဲပါ။ ဒီ နွားမတောင် တကြောဟာ စစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်းက အင်အားပြ စစ်ကြောင်းထိုးလို့ ကာကွယ်ရေးအဖွဲ့တွေက တပ်ဆုတ်ပေးခဲ့ရပါသေးတယ်။
လက်နက်တပ်ဆင်မှု မြန်ဆန်လာတာနဲ့အတူ တိုက်ခိုက်ရည် ပြည့်ဝလာတဲ့ PDF တွေကို ကြောက်ရွံ့နေတဲ့ စစ်တပ်လက်အောက်ခံတွေဟာ စစ်ကြောင်းထိုးတဲ့ အခါမှာ PDF တွေရှိတဲ့ နေရာအထိ မသွားရဲပဲနဲ့ ရေနှံမှော်တွေ ရွာတွေနဲ့ နီးစပ်တဲ့နေရာတွေကိုသာ စစ်ကြောင်းထိုးပြီးပြည်သူကို နှိပ်စက်လေ့ရှိပါတယ်။ ၎င်းတို့ရဲ့ စစ်တိုင်းဌာနချုပ်တွေက စစ်ကြောင်းထိုးဖို့ အမိန့်ကို ဟန်ပြအနေနဲ့ သာရှေ့တန်းထွက်ပြပြီး လူနေတဲတွေ၊ တောင်ယာခုတ်တဲတွေကို ဓာတ်ပုံရိုက်ပြီး PDF စခန်း ရှင်းလင်းခဲ့ပြီလို့ လိမ်ညာ တင်ပြ ကြလေ့ရှိပါတယ်။ ဒါ့ကြောင့်ပဲ မင်းအောင်လှိုင်က သူ့လက်အောက်ငယ်သားတွေကို ခေါ်ဆူတာဖြစ်ပါတယ်။
ဒီလို အရေးပါတဲ့ နေရာတွေဆုံးရှုံးလာရမှုနဲ့ အတူ တပ်တွင်းကအပြင်တောင်မထွက်ရဲပဲ နေ့စဉ်ရက်ဆက် စိတ်ဖိစီးပြီး သောက်စားနေတဲ့ စစ်တပ်လက်အောက်ခံ အရေအတွက်ပိုများလာပါတယ်။ အချင်းချင်းရာထူးကြီးငယ် ပြသနာတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေအပြင် တိုက်ပွဲထဲ အရက်နဲ့ မူးယစ်ဆေး ဒဏ်ကြောင့်သေဆုံးရတဲ့ စစ်တပ်လက်အောက်ခံတွေပိုများလာပါတယ်။
ဒီအခြေနေတွေကို မင်းအောင်လှိုင်တစ်ယောက်ကတော့ နားလည်ပုံမပေါ်ပါဘူး။ သူနဲ့ သူ့အပေါင်းအပါတွေ ရင်ဆိုင်နေရတာ ငွေကြေးခက်ခဲတဲ့ ပြဿနာဖြစ်ပြီးတော့ ဒီလို နယ်မြေဆုံးရှုံးမှုတွေကိုသာ သိခဲ့မယ်ဆိုရင် အရူးမီးဝိုင်းနေလောက်ပါပြီ။ ဒီအခြေနေတွေကို အတွင်းကျကျ မရိပ်စားမိပေမဲ့ ရိပ်ဖမ်းသံဖမ်းနားလည်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပေမဲ့ ဟိုကလက်မခံလို့ ကာလုံသက်တမ်း ခြောက်လတိုးပြီးတော့ သာ ထိုင်ခုံဆက်ထိုင်နေရတာပါ။ PR ရွေးကောက်ပွဲနဲ့ သမ္မတရူးနေတဲ့ မင်းအောင်လှိုင်က ဘုရားထီးတင်ပြီးတာနဲ့ပဲ သူ့ရဲ့ကောင်စီတွေကို PR စနစ်ပဲ ပြုလုပ်ခဲ့လေသလား လူစားပဲ လဲလေရော့သလားမသိတော့ပါ။ အဲဒါကြောင့် “ဖဲရှူံး ကုန်းမွှေ”ဆိုတဲ့စကားပေါ်လာတာဖြစ်ပါမယ်။ ။
Red News Agency