“ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူ”
ငြိမ်းမောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့မပါတော့ပေ။ ထိုစစ်ကောင်စီအပြောင်းအလဲပြုလုပ်ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်သို့ ရောက်ရှိနေလေသည်။
စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနှင့်ပတ်သက်၍ ပြန်ဆက်ရမည်ဆိုလျှင် စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ အဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်သည်။ အလားတူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ခေါ်ယူစစ်ဆေးပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးရာထူးမှ ဖယ်ရှားကာ စစ်ဘက်သို့ပြန်လည်ခေါ်ယူခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်၏ ယုံကြည်အားထားရသူဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းသောညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးကို သွားရောက်ဖမ်းဆီးသည့် အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးတို့ကို ကြိုးပေးကွပ်မျက်ခဲ့ရာတွင် အနီးကပ်ကြီးကြပ်ခဲ့သူဖြစ်သည်။


