စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

“သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ “တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်” ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်”

ရန်နိုင်

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်မိသားစု ရာဇဝတ်ဂိုဏ်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ “မင်ကျင်ကျင်” (Ming Zhenzhen) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့မှ သေဒဏ်ချမှတ်ခဲ့သည်။ သူမသည် လိမ်လည်မှု ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် အခြားပြစ်မှု ၁၄ မျိုးဖြင့် စီရင်ခံရခြင်းဖြစ်သည်။

“မင်ကျင်ကျင်”၏ ဘဝဇာတ်ကြောင်းကို စိစစ်ကြည့်မည်ဆိုပါက တကယ့်ကို ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားသူ တစ်ဦးဖြစ်ကြောင်း တွေ့ရမည်ဖြစ်သော်လည်း သူမ၏ထက်မြတ်သည့် အရည်အချင်းများအားလုံးကို ကျားဖြန့်ရာဇဝတ်ဂိုဏ်းများအတွက်သာ အသုံးပြုသွားနိုင်ခဲ့သည်။

ကျားဖြန့်ရာဇဝတ်ဂိုဏ်းကို လွယ်လွယ်ကူကူလုပ်ကိုင်ခွင့်ပေးခဲ့သည့် မြန်မာစစ်အာဏာရှင်တို့၏ ပယောဂမကင်းမှုကြောင့် ရာဇဝတ်သားဘဝဖြင့်အဆုံးသတ်ခဲ့ရသည်။ ကျားဖြန့်ရာဇဝတ်ဂိုဏ်း များကိုခွင့်ပြုပေးထားသည့် နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ဧကရီ တယောက်အဖြစ်သို့ ပြောင်းလဲခဲ့ရသည်။

“မင်ကျင်ကျင်” ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူမ၏အသက်မှာ ၂၇ နှစ်ခန့်သာရှိသေးသည်။ သူမသည် မင်မိသားစု၏ ခေါင်းဆောင်ဟောင်း ‘မင်ရွှေချန်’ ၏ မြေးမဖြစ် သည်။ သူမအားမြန်မာဘာသာဖြင့် ‘သီရိမောင်’ ဟုလည်း ခေါ်ဝေါ်ကြသည်။ သူမသည် ဇာတိမြေ ကိုးကန့်မှဖြစ်သော်လည်း တရုတ်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ယူနန်ပြည်နယ်ရှိ အိမ်ထောင်စု စာရင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူမ၏ရာဇဝတ်ကောင်ပုံရိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ “မင်ကျင်ကျင်” သည် မြင့်မားသော ပညာရေးနောက်ခံရှိသူ တစ်ဦးဖြစ်သည်။ သူမသည် စင်္ကာပူရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် ဘဏ္ဍာရေး (Finance) ဘာသာရပ်ကို (ဖခင်ဖြစ်သူ မင်ကောအန်း မတော်တဆမှုဖြင့် မသေဆုံးခင်ထိ) သင်ယူခဲ့သူဖြစ်သည်။ ဤပညာရေးနောက်ခံကြောင့်ပင် သူမသည် ရာဇဝတ်လုပ်ငန်းများကို ပိုမိုစနစ်တကျနှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်သူ ဖြစ်လာသည်။

လူမှုကွန်ရက်ပေါ်တွင် သူမ၏ပုံရိပ်မှာ ချစ်စရာကောင်းပြီး ယဉ်ကျေးသိမ်မွေ့သည်။ သူမသည် မိမိကိုယ်ကို “နိုင်ငံရပ်ခြားမှပြန်လာသည့် ချမ်းသာသော တရုတ်လူမျိုးတစ်ဦး” အဖြစ်ဟန်ဆောင်ကာ ဇိမ်ခံပစ္စည်းများ ဇိမ်ခံကားများနှင့်ငါးပွင့်ဆိုင်ဟိုတယ်များတွင်နေထိုင်သည့် ခမ်းနားထည်ဝါသော ဘဝပုံစံကို မကြာခဏဖော်ပြလေ့ရှိသည်။ ဤသို့သော အပြင်ပန်းပုံရိပ်များသည် သူမ၏ ရာဇဝတ်လုပ်ငန်းများကို ကြီးကြီးမားမား ဖုံးကွယ်ပေးနိုင်သည်။

သူမသည် ၂၀၂၂ ခုနှစ်တွင် ရာဇဝတ်ဂိုဏ်း၏အာဏာကို စတင်ကိုင်စွဲခဲ့ရသည်။ သူမ၏ ဖခင်ဖြစ်သူ မင်ကောအန်း (Ming Guoan) သည် ကိုးကန့်ရဲတပ်ဖွဲ့ (၂၁) တပ်ရင်း၏ တပ်မှူးဟောင်းနှင့် ကျားဖြန့်စခန်းများတည်ထောင်သူဖြစ်ပြီး မြင်းပေါ်မှပြုတ်ကျ၍ ကိုယ်တပိုင်းသေရောဂါ ဖြစ်သွားသောအခါ နိုင်ငံခြားတွင် ပညာသင်ယူနေသည့် ‘မင်ကျင်ကျင်’ကို မိသားစုလုပ်ငန်းများ ဦးစီးရန် ကိုးကန့်သို့အရေးပေါ် ပြန်ခေါ်ခဲ့ရသည်။

သူမ၏ထက်မြက်သည့်စွမ်းရည်ကို မိသားစုက အလေးထားသည့်အတွက်ဖြစ်သည်။ ကျားဖြန့်လုပ်ငန်းတွင် “မင်ကျင်ကျင်” သည် ရိုးရိုးရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးမဟုတ်ဘဲ သူမ၏ ဘဏ္ဍာရေးနှင့်နည်းပညာဆိုင်ရာ အသိပညာများကို အသုံးပြု၍ ကျားဖြန့်လုပ်ငန်းကို စက်မှုလုပ်ငန်းအသွင်သို့ အဆင့်မြှင့်တင်ခဲ့သူဖြစ်သည်။ တရုတ်မီဒီယာများက သူမကို “မိန်းမစိုး နတ်ဆိုး”ဟုပင် တင်စားခဲ့ဖူးသည်။

သူမသည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ကျားဖြန့်ငရဲခန်း “ချန်တဲကွန်ယွန်” နှင့် “ဒုံဟူစန်းကျွမ်း” စခန်းအပါအဝင် လုပ်ငန်းခွင် ၆ ခုအထိကို ကိုယ်တိုင်ဦးစီးခဲ့သည်။ ဤလုပ်ငန်းခွင်များမှ ရရှိသည့် ငှားရမ်းခသည် တစ်နှစ်လျှင် ယွမ်သန်း ၂၀ (ဒေါ်လာ ၂.၇ သန်း) ထက်ကျော်လွန်ခဲ့ပြီး သူမဖခင်လက်ထက်စီမံခန့်ခွဲမှုမှ ရရှိခဲ့သည့် ဝင်ငွေပမာဏထက်ပင် နှစ်ဆခန့်ပိုမိုများပြားလာသည်။

သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ ‘တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်’ ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်။ ဤစနစ်ဖြင့် ရာဇဝတ်သားများက သားကောင်များ၏ စိတ်နေသဘောထားကို တိကျစွာခွဲခြမ်းစိတ်ဖြာ၍ ရက်စက်သည့်လိမ်လည်မှုများကို စနစ်တကျ ပြုလုပ်နိုင်ခဲ့သည်။

သူမ၏ အခြားရည်းစားဟောင်းတစ်ဦး (မလေးရှား တရုတ်နွယ်ဖွား ကုန်သွယ်မှုနောက်ခံရှိသူ) ကို အသုံးပြု၍ ကျားဖြန့်မှရရှိသော ငွေကြေးအမြောက်အမြားကို ခေတ်မီပြီး လျှို့ဝှက်သော ငွေကြေးခဝါချမှုကွန်ရက် (Money Laundering Network) တွင် အောင်မြင်စွာ ရောနှော ဖျောက်ဖျက်နိုင်ခဲ့သည်။ ဤသို့ဖြင့်သူမသည် ကျားဖြန့်လုပ်ငန်းကို ရိုးရာရာဇဝတ်လုပ်ငန်းမှ ခေတ်မီ နည်းပညာမြင့် ရာဇဝတ်ဘဏ္ဍာရေးစနစ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

“မင်ကျင်ကျင်” ၏ စီမံခန့်ခွဲမှုသည် ကြီးမားသည့် ဝင်ငွေကို ဖန်တီးနိုင်သော်လည်း သူမ၏ လုပ်ငန်းခွင်များသည် “လူ့ငရဲ” ဟု ဆိုနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ခဲ့သည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် ဖမ်းဆီးချုပ်နှောင်ခံရသူများကို စီးပွားရေးလုပ်ငန်းရှင်များအဖြစ် မမြင်ဘဲ ငွေရှာသည့် ကိရိယာများသာဖြစ်သည်ဟု သဘောထားခဲ့သည်။ ဖမ်းဆီးခံရသူများအား ပိုက်လုံးများဖြင့် သတိမေ့သည်အထိရိုက်နှက်ခြင်း၊ ရေဖြင့်နှိပ်စက်ခြင်းနှင့် လွတ်မြောက်ရန် ကြိုးပမ်းပါက သေနတ်ဖြင့်ပစ်သတ်ခြင်း တို့ ပြုလုပ်ခဲ့သည်။

သူမသည် “ဝမ်ဟူစန်းကျွမ်း” အမည်ရှိ လုပ်ငန်းခွင်၌ ခြင်္သေ့၊ ကျားနှင့် ဝက်ဝံ ကဲ့သို့သော လှောင်အိမ်ထဲမှ တိရစ္ဆာန်ရိုင်းများကိုပင် ပြစ်ဒဏ်ပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများအတွက် အသုံးပြုခဲ့သည်။ အထက်ဖော်ပြပါ “မင်ကျင်ကျင့်” ၏ ရက်စက်မှုနည်းလမ်းများသည် နှိပ်စက်ခံရသူများက ပြောခြင်းမဟုတ်။ သူမကို စစ်ဆေးသည့် တရုတ်ထောက်လှမ်းရေး၏ အစီရင်ခံစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မင်ကျင်ကျင်၏ ရက်စက်မှုအထွတ်အထိပ်သို့ ရောက်ရှိသွားသည့်ဖြစ်ရပ်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော “၁၀၂၀ ဖြစ်စဉ်” ပင်ဖြစ်သည်။ ဤဖြစ်စဉ်သည် တရုတ်နိုင်ငံသားများကို အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တရုတ်အစိုးရ၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့ပြီး ကိုးကန့်ရှိ ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းရန် ၁၀၂၇ စစ်ဆင်ရေး (Operation 1027) ကို ဖြစ်ပေါ်စေသော မီးပွားတစ်ခုဖြစ်လာခဲ့သည်။

၁၀၂၀ ဖြစ်စဉ်၏ အဓိကတာဝန်ရှိသူတစ်ဦးမှာ မင်ကျင်ကျင်ဖြစ်သည်။ တရုတ်ရဲများ၏ စစ်ဆေးမှုမှ ရှောင်ရှားရန် မင်မိသားစုပိုင် “ဝေါ်ဟူစန်းကျွမ်း” မှ ဖမ်းဆီးချုပ်နှောင်ထားသည့် တရုတ်နိုင်ငံသား ၆၀၀ ကျော် အား သူမ၏ ထိန်းချုပ်မှုအောက်ရှိ အခြားစခန်းများသို့ လက်နက်ကိုင်အစောင့်များဖြင့် ပြောင်းရွှေ့ပို့ဆောင်စေခဲ့သည်။

ပြောင်းရွှေ့ပို့ဆောင်နေစဉ် ၎င်းတို့အား တရုတ်ပြည်သို့ ပြန်ပို့ခြင်းမဟုတ်ဘဲ အခြားနေရာသို့ ဆက်လက် ဖမ်းဆီးချုပ်နှောင်မည်ကိုသိရှိသဖြင့် ဖမ်းဆီးခံရသူအချို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ ထိုအချိန်တွင် “မင်ကျင်ကျင်”က လက်နက်ကိုင်များအား ထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ကိုလျင်မြန်စွာ ပေးခဲ့သည်။ ဤပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ သူမသည် ထိုအလောင်းများနှင့် ဒဏ်ရာရသူများအားလုံးကို ၎င်းတို့၏ နွားနှင့်မြင်းများ မွေးမြူသည့် ကျယ်ပြန့်သော မြေကွက်တွင် မြှုပ်နှံဖျောက်ဖျက်ရန် ညွှန်ကြားခဲ့သည်။

ဤသည်မှာ ပညာတတ်ပြီး စွမ်းဆောင်ရည်မြင့်သည့် အမျိုးသမီးတစ်ဦးကို ရက်စက်မှုအစွန်းဆုံထိ ရောက်ခဲ့ခြင်းဖြစ်သည်။ သူမ၏ရက်စက်မှုများကို မည်သူမျှမစွတ်ဖက်နိုင်သည့် မြန်မာစစ်အုပ်စု အစောင့်ရှောက်ခံ ကိုယ်ပိုင်နယ်မြေ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုသို့ “မင်ကျင်ကျင်” ရာဇဝတ်မှုတွေကိုလွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို စစ်အုပ်စုခွင့်ပြုပေးထားသည့် ကိုးကန့်ခေါင်းဆောင်များက အဓိကအကူညီပေးခဲ့ခြင်း ဖြစ်သည်။

“မင်ကျင်ကျင်” ၏ ရာဇဝတ်ဂိုဏ်းကြီး ပေါ်ပေါက်လာခြင်းနှင့် အင်အားကြီးမားလာခြင်းသည် ကိုးကန့်ဒေသကို အုပ်ချုပ်သူမြန်မာ့အာဏာရှင် စစ်အုပ်စု (SAC) ၏ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်း ဆောင်ရွက်မှုနှင့် လျစ်လျူရှုမှုများကြောင့် ဖြစ်သည်။ နိုင်ငံတော်အဆင့် အကာကွယ်အနေဖြင့် ကိုးကန့်ဒေသရှိ မင်မိသားစု၊ ဗိုင်မိသားစု၊ ဝေမိသားစုနှင့် လျူမိသားစုတို့သည် ၂၀၀၉ ခုနှစ်တွင် မြန်မာ့စစ်တပ်အကူအညီဖြင့် MNDAA ကို မောင်းထုတ်ပြီး အာဏာရရှိလာသည့် စစ်အုပ်စု၏မဟာမိတ်များဖြစ်သည်။

မင်မိသားစုဝင်များသည် ရာဇဝတ်ခေါင်းဆောင်များ ဖြစ်သည့်အပြင် ဒေသတွင်း အုပ်ချုပ်ရေးနှင့် စစ်ရေးရာထူးများကိုပါရယူခဲ့သည်။ “မင်ရွှေချန်” ကိုယ်တိုင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရာထူးများ ရယူခဲ့သည်။ ၎င်း၏သား “မင်ကောအန်း” သည်ပင် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲအရာရှိ (၂၁ တပ်ရင်းမှူး)ဖြစ်ပြီး ရဲအာဏာကို အသုံးပြု၍ ကျားဖြန့်စခန်းများ (ဥပမာ- ဝေါ်ဟူစန်းကျွမ်း) ကို တည်ထောင်ခဲ့သည်။ မင်ကောပင် (Ming Guoping) သည်လည်း ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဖြစ်သည်။ ဤအချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ယန္တရားသည် ရာဇဝတ်ဂိုဏ်းများနှင့် လုံးဝပေါင်းစပ်နေကြောင်း ပြသနေသည်။

၂၀၂၁ ခုနှစ်တွင် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် ကြုံတွေ့ရသဖြင့် ငွေကြေးအရင်းအမြစ်များ အလွန်အမင်း လိုအပ်လာသည်။ ထို့ကြောင့် ၎င်းတို့သည် ကိုးကန့်ရှိရာဇဝတ်ဂိုဏ်းများထံမှ “လစဉ်အခွန်အခများ” “ကုသိုလ်ရေးပရောဂျက်များ” အတွက် ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးစေခဲ့သည်။ စစ်အုပ်စုသည် ၎င်းတို့၏ စစ်အင်အားကိုထိန်းသိမ်းရန် အဆိုပါရာဇဝတ်ဂိုဏ်းများမှ ရရှိသောငွေကြေးအပေါ် မှီခိုနေရသည်။

ကျားဖြန့်လုပ်ငန်းများသည် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားနေကြောင်း ရှင်းလင်းနေသော်လည်း မြန်မာစစ်အုပ်စုသည် ကျားဖြန့်စခန်းများကိုဖြိုခွင်းရန် တရုတ်အစိုးရ၏ ဖိအားပေးမှုအပေါ်တွင် အချိန်ဆွဲနေခဲ့သည်။ ၂၀၂၃ အောက်တိုဘာ ၃၁ တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးတို့က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အရေးယူပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့၏ တောင်းဆိုမှုများသည် (Fall on Deal Ears) “နားပင်းသောသူ၏ အကြားအာရုံပေါ် ကျရောက်သွားခြင်း” ဟု အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ (USIP) မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ ဂျေစင်တာဝါက သုံးသပ်ခဲ့သည်။

စစ်အုပ်စု၏ နှောင့်နှေးမှုသည် တရုတ်အစိုးရကို နောက်ဆုံးတွင်စိတ်ပျက်သွားစေပြီး ၁၀၂၇ စစ်ဆင်ရေးကို ၎င်းတို့ ခွင့်ပြုခဲ့ခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု (USIP) ကဲ့သို့သော ကျွမ်းကျင်သူများကပင် သုံးသပ်ခဲ့ကြသည်။ စစ်အုပ်စုသည် ၎င်းတို့၏ မဟာမိတ် ရာဇဝတ်ခေါင်းဆောင်များကို ကာကွယ်ခြင်းအားဖြင့် “မင်ကျင်ကျင်” ကဲ့သို့သော ပုဂ္ဂိုလ်များကို အာဏာသုံး၍ ကြောက်မက်ဖွယ်ရာ ကျားဖြန့်အင်ပါယာ တည်ဆောက်ရန် အခြေခံအုတ်မြစ်နှင့် အကာအကွယ်ပေးခဲ့သည်။

‘မင်ကျင်ကျင်’ သည် စင်္ကာပူတက္ကသိုလ်မှ ဘဏ္ဍာရေးပညာကို သင်ယူခဲ့ပြီး ခေတ်မီနည်းပညာနှင့် စီမံခန့်ခွဲမှုစွမ်းရည်ဖြင့် တစ်နှစ်လျှင် ယွမ် သန်း ၂၀ ကျော် ဝင်ငွေရှိသည့် ရာဇဝတ်လုပ်ငန်းခွင် ၆ ခုကို ဦးဆောင်နိုင်ခဲ့သော ထူးချွန်သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့ရာတွင် သူမ၏ ထိုထက်မြက်မှု များကို မြန်မာစစ်အုပ်စု က ဖန်တီးပေးထားသည့် ဥပဒေစိုးမိုးမှု ကင်းမဲ့သော အကျိုးစီးပွားပေါ် အခြေခံသည့် ရာဇဝတ်နယ်မြေအတွင်း၌သာ အသုံးချခဲ့ရသည်။

စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ (ဥပမာ- ရဲအရာရှိဖြစ်သူ မင်ကောအန်း) သည် နိုင်ငံတော်၏ အကာအကွယ်ကို ရယူကာ လူသားချင်းစာနာမှုကင်းမဲ့သည့် နှိပ်စက်မှုများ (ရေဖြင့် နှိပ်စက်ခြင်း၊ တိရစ္ဆာန်ရိုင်းများဖြင့် ခြိမ်းခြောက်ခြင်း) နှင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်ခြင်း (၁၀၂၀ ဖြစ်စဉ်) ကဲ့သို့သော ရာဇဝတ်မှုများကို လွတ်လပ်စွာ ကျူးလွန်နိုင်ခဲ့သည်။ ဤသို့ဖြင့် “မင်ကျင်ကျင်” သည် သူမ၏ ကိုယ်ပိုင်အရည်အချင်းများအား အာဏာရှင်စနစ်၏ အားပေးထောက်ခံမှုဖြင့် လူသားစားသော “နတ်ဆိုး” တစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

သူမ၏ သေဒဏ်သည် ရာဇဝတ်မှုအတွက် မငြင်းနိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။သို့သော် ‘မင်မိသားစု’ ကို ရာဇဝတ်ဂိုဏ်းကြီးအဖြစ် ကြီးထွားလာစေရန် ၎င်းတို့၏ လုပ်ရပ်များကို လျစ်လျူရှုပြီး ငွေကြေးအရင်းအမြစ်အဖြစ် သဘောထားခဲ့သည့် မြန်မာစစ်အုပ်စုတွင်လည်း တာဝန်ရှိသည်။ “မင်မိသားစု” ၏ ပြစ်ဒဏ်ကျခံရမှုသည် မြန်မာစစ်အုပ်စု၏ ကျားဖြန့်ငွေလိမ်လုပ်ငန်းအတွက် တာဝန်ယူ တာဝန်ခံမှုမဟုတ်ပဲ တရုတ်အစိုးရ၏ “သည်းမခံနိုင်တော့ခြင်း” ကြောင့်သာ ကျားဖြန့်ခေါင်းဆောင်များကို ပြစ်ဒဏ်စီရင်နိုင်ခြင်းဖြစ်သည်။

#RedNewsAgency #REDNEWS #RNA #EncryptedMessaging #communication #system

By RNA Editor