အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

“ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ”

လှဆောင်

ပြည်တွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခပ်စိတ်စိတ်နဲ့ ခြေလှမ်းတွေရှေ့တိုးနေသလို နိုင်ငံတကာမှာလည်း ခြေလှမ်းတွေက ခပ်စိတ်စိတ်ပါ။ စစ်ကောင်စီလော်ဘီတွေကတော့ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂမှာသွားပြီး ပြည်သူတွေလှူတဲ့ပိုက်ဆံနဲ့ ဟေးလားဝါးလား သွားလုပ်နေတယ်လို့ ဝါဒဖြန့်ကြပါတယ်။

လူပိန်းလို ပြန်ပြောရမယ်ဆိုရင်တော့ အဲဒီလို ဟေးလားဝါးလားလုပ်ဖို့တောင် စစ်ကောင်စီဘက်က အဆင့်ရှိမနေပါဘူး။ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံတကာကကိုယ်စားလှယ်နဲ့ သွားတွေ့နေကြတယ်ဆိုတာလည်း ဟေးလားဝါးလားလုပ်ဖို့မဟုတ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးအခြေခံလောက်ရှိတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်းသိနေတဲ့ကိစ္စပါ။ 

NUG ကို လက်ခံတွေ့ဆုံတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေဆိုတာလည်း အရမ်းအားနေလို့ လက်ခံတွေ့ဆုံနေတာမဟုတ်ဘူးဆိုတာကို အားလုံးသဘောပေါက်ကြပါတယ်။

လက်တွေ့ကျတဲ့ ကိစ္စတစ်ခုကိုပြောပါဆိုရင် ခုလောလောဆယ်တော့ အဲဒီကုလသမဂ္ဂအစည်းအဝေးတွေထဲက တစ်ခုကနေ စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်လိုက်ပါပြီ။ အဲဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ခါတာခ့်က မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က လွှဲပြောင်း ကိုင်တွယ်ပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းလိုက်တာပါ။

ဒီနေရာမှာ ICJ နဲ့ ICC ဆိုတာ ဘယ်လိုကွာလည်းဆိုပြီး ဇဝေဇဝါဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက မြန်မာနိုင်ငံကို တရားစွဲခဲ့တာ ICJ မှာဖြစ်ပြီး အကြမ်းဖျင်းပြောရရင် သူကနိုင်ငံအချင်းချင်းဖြစ်တဲ့ကိစ္စတွေနဲ့ နိုင်ငံတွေကို တရားစွဲတဲ့ တရားရုံးပါ။

အခု မြန်မာ့အရေးကို လွှဲပြောင်းကိုင်တွယ်ခိုင်းတဲ့ ICC ဆိုတာကတော့ နိုင်ငံတွေကို တရားစွဲတဲ့ တရားရုံးမဟုတ်ဘဲ လူပုဂ္ဂိုလ်တွေကို တရားစွဲတဲ့ တရားရုံးဖြစ်ပါတယ်။ ဥပမာ အခု မင်းအောင်လှိုင်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ အစုလိုက်အပြုံလိုက်လူသတ်မှုမှာ ပါဝင်တဲ့သူတွေ၊ အဓိကတာဝန်ရှိတဲ့သူတွေကို တရားစွဲတဲ့ တရားရုံးဖြစ်ပါတယ်။

ခုချိန်မှာ မင်းအောင်လှိုင်ရဲ့ဆရာ ရုရှားသမ္မတပူတင်တောင် ICC က ‌ဝရမ်းထုတ်ထားလို့ သူရဲ့မိတ်ဖက်နိုင်ငံတွေကလွဲပြီး တခြားနေရာတွေကို မသွားရဲပါဘူး။ အခုလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ခါတာခ့်က မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က လွှဲပြောင်းကိုင်တွယ်ဖို့ ဒီရက်ပိုင်းထဲကျင်းပခဲ့တဲ့ ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါပြီ။

တကယ်လို့ ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ။

မဟာမင်းကြီး ဗော်လ်ခါတာခ့်ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ ပစ်မှတ်ထားသတ်ဖြတ်မှုတွေ၊ ဗုံးခွဲမှုတွေရှိနေပေမဲ့ အဲဒါတွေဟာ စစ်တပ်ကကျူးလွန်တဲ့ကိစ္စတွေနဲ့ မယှဉ်သာအောင်ပါပဲတဲ့။ ပြီးတော့ စစ်တပ်ကို တိုက်ခိုက်နေတဲ့သူတွေဆီမှာ နိုင်ငံတကာ ဥပေဒေကိုလိုက်နာတဲ့အကျင့်တွေ၊ အများပြည်သူတွေကို ထိခိုက်အောင်မလုပ်ရဘူးဆိုတဲ့ အချက်တွေကိုလည်း ကိုင်စွဲထားကြပါတယ်တဲ့။

ဒါဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလိုမျိုး PDF တွေအကုန်လုံး၊ တော်လှန်ရေးအင်အားစုတွေအကုန်လုံးဟာ အကြမ်းဖက်တွေ၊ နိုင်ငံတကာဥပဒေတွေ၊ စစ်စည်း ကမ်းတွေကို မလိုက်နာတဲ့သူတွေ မဟုတ်ဘူးဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းတွေ သိနေတဲ့အချက်ပါ။

ဒါပေမဲ့ စစ်တပ်လော်ဘီတွေကတော့ အမှန်တရားတွေကို ဖုံးဖိပြီး မဟုတ်မမှန်သတင်းတွေကို ဆက်ပြီးဖြန့်နေကြဦးမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့လည်း တော်လှန်ရေး အင်အားစုတွေဘက်ကတော့ ပြည်တွင်းမှာကော နိုင်ငံတကာမှာကော ခြေလှမ်း ခပ်မှန်မှန်နဲ့ ရှေ့ဆက်ချီတက်နေပါတယ်။ 

အခုမဟာမင်းကြီးပြောသွားတာ၊ တိုက်တွန်းသွားတာတွေက စစ်တပ်ရဲ့ အရှိုက်ကိုထိုးလိုက်တာဆိုရင် နောက်ပိုင်းမှာတော့ ဘယ်ညာဝိုက်လက်သီးတွေ၊ ဖြောင့်လက်သီးတွေ၊ အတွဲလိုက်တွေဟာ သူ့အဆင့်အတိုင်း စစ်ကောင်စီကို ပြည်တွင်းမှာကော နိုင်ငံတကာမှာ အလဲထိုးတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်ရောက်ရင်တော့ စစ်တပ်ကို ဘယ်ဒိုင်မှ မကယ်နိုင်တောမှာ အသေအချာပါပဲ။ ။ 

Red News Agency

By Editor