Author: Editor

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်းတိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    တာမခံ ခမရ(၁၁၉) စခန်းသိမ်းတိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    “အင်အားမမျှတဲ့ ရန်သူကို နောက်ပြန်မဆုတ်ပဲ ခုခံသွားကြတာ။ တိုက်ပွဲက နာရီပိုင်းလောက်ပဲကြာလိုက်မယ်ထင်တယ် တဖက်ရန်သူက ဝိုင်းမိသွားပြီ ရဲဘော် ၈ ယောက် လုံး ထိခိုက်ဒဏ်ရာရကုန်တယ်”

    Ernesto Ba Chan – တာမခံ (၁၂) ရက် အပိုင်း (၃) ဇာတ်သိမ်း။

    အကြာကြီးသတိမလစ်သွားဘူး စက္ကန့်ပိုင်းပဲ မျှောသွားတယ်လို့ပြောရမလားပဲ တစ်ယောက်ယောက်က ခေါ်စရာမလို ကိုယ့်ဘာသာ သတိပြန်ပြန်လည်လာတယ် သတိပြန်လည်လာတိုင်း ငါမသေသေးဘူးပဲဆိုပြီး တွေးမိတယ်၊ ဖြစ်နိုင်ရင် ဆေးရုံရောက်မှပဲ သတိပြန်ရချင်တယ်
    ကျနော်ဒါဆို မနာရတော့ဘူးပေါ့။

    အဲ့အချိန် ကျနော် မော်ဖင်း တောင်းတယ် ဆေးဆရာတောင်မရှိတာ မော်ဖင်းဆိုပိုဝေးသေး။ တဖက်မျက်နှာစာမှာ ဆေးမှူး ရဲဘော်တွေက ဒဏ်ရာရတဲ့လူတွေကို ဆွဲထုတ်နေတာ ကျနော်တို့ဖက်မှာ ဆေးမှူးမပါလာဘူး။ ဒါကို ကျနော်သိတယ် လူက နာကျင်တဲ့ဒဏ်ကို မခံနိုင်တော့ ဖြစ်ချင်တာကို ထုတ်ပြောတော့တာ။

    ၉ နာရီလောက်ကျ ဆေးခန်းကိုရောက်ပြီ အဲ့အချိန် လူကသွေးထွက်လွန်ပြီး တည်လို့‌မရတော့ဘူး သေရင်လည်း သေတော့ ဆိုပြီး စိတ်ကိုလျှော့ထားတယ်။ သတိပြန်လည်လာတိုင်း ငါအသက်ရှင်နိုင်သေးတယ်လို့ တခါတွေးမိပြန်တယ်။ ကျနော်တို့ ၅ ယောက်ပေါ့ ဒဏ်ရာအပြင်းထန်နဲ့ ရောက်ခဲ့တာ။

    (more…)

  • PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

    PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

    အဓမ္မအာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးထောင်ချ သတ်ဖြတ်မှုများအပြင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီက PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု လေသံပြောင်းလာသည့် ကြေညာချက်ကို စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထားပြီး လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများလက်မခံသည့်အပြင် သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်မခံကြောင်း ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

    အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

    RNA_ဖားကန့်၊ စက်တင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် (၁) ရပ်ကွက်အတွင်း၊ နယ်မြေသတင်းရယူရန် IPsum ကားပေါ်တွင် အရပ်ဝတ်ဖြင့် စက်တင်ဘာ ၂၇ ရက်နေ့က လှည့်လည်နေစဉ် KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ ရဲ (၄)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

    အရပ်ဝတ်ဖြင့် နယ်မြေသတင်းရယူရန် ရောက်လာသူများထဲမှ KPDF ရဲဘော်များ၏ ဖမ်းဆီးခံခဲ့ရသော် ရဲ (၄) ဦးမှာ ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ဖြစ်ကြောင်း Red News Agency သတင်းရင်းမြစ်က ပြောကြားထားသည်။

    #RedNewsAgency #RNA

  • စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

    စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း -၃ အခြေချ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများက ယနေ့ နံနက် ၅ နာရီခန့်က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ကူပါ ယူခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားချိန် နံနက် (၇) နာရီခန့်၌ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များ လာရောက်ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများကို ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်အထိ စစ်ကောင်စီတပ် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MBT ကထုတ်ပြန်ထားသည်။

    (more…)

  • အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

    အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်တည်တံ့ခိုင်မြဲရေး ကိုရှေးရှုလျက် အားလုံးပါဝင်သော အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက်စွဲကိုင်ထားပါသည်ဟု ထုတ်ပြန်ထားသည်။

    NLD ပါတီအနေဖြင့် မူလစတင်တည်ထောင်ချိန်မှစပြီး အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီဖြစ်သည်ဟု ယနေ့ ကျနေရောက်သော ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကြိုးပေးခံရသည်ဟု ကောလဟလထွက်ပေါ်ခဲ့သည့် ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ပြောင်းရွှေ့

    ကြိုးပေးခံရသည်ဟု ကောလဟလထွက်ပေါ်ခဲ့သည့် ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ပြောင်းရွှေ့

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးပေးကွပ်မျက်မည်ဆိုသည့် ကောလဟလများထဲတွင် ပါဝင်ခဲ့သော ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ကို ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတဦီး​က စက်တင်ဘာ ၂၆ ရက်နေ့က ပြောကြားထားသည်။

    ပြီးခဲ့သည့်တပတ်အတွင်း အင်းစိန်ထောင်တွင် ကြိုးပေးကွပ်မျက်မည်ဟု ကောလဟလ ထွက်ပေါ်လာမှုထဲတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးစွပ်စွဲခံထားရသည့် ကိုကောင်းထက် (ခ) ဖိုးစီ နှင့် ဇနီးဖြစ်သူ မချမ်းမြေ့သူ (ခ) ဂျူးဂျူး တို့အပါအဝင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ် ရထားပေါ်တွင် ရဲ (၅) ဦးကို သတ်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ (၅) ဦးတို့ ဖြစ်သည်။

    #RedNewsAgency #RNA

  • ရွှေဝါရောင်မြစ်ကြောင်းပေါ်က ဗကသဖြတ်သန်းမှုရေစီး

    ရွှေဝါရောင်မြစ်ကြောင်းပေါ်က ဗကသဖြတ်သန်းမှုရေစီး

    “၂၀၀၇ ရွှေဝါရောင်မြစ်မှာ မျိုးဆက်တခုအဖြစ် ကျနော်တို့ စီးဆင်းပြီးခဲ့ပါပြီ။ တိုက်ပွဲနဲ့ ထောင်ငရဲခန်း ကူးသန်းသွားလာခဲ့ပြီးပါပြီ။ ဒီအကြောင်းတွေကို ပြန်ပြောင်းပြောပြဖို့အတွက် ကျနော်တို့မှတ်ဥာဏ်ထောင့်တနေရာမှာ စွန်းရာကွက်ရာလေးတချို့ပဲ ရှိကောင်းရှိပါတော့တယ်။ ကျနော်တို့ မျိုးဆက်အနေနဲ့ ကိုယ့်ဘက်က သမိုင်းကို အစွန်းအကွက်ထက်ပိုတဲ့ သမိုင်းစာအုပ်ပေါ်က ခြစ်ရာများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြရင်တော့ ကျနော်တို့ ဗကသရဲဘော်အဖြစ် ဖြတ်သန်းရကျိုးနပ်မယ် ထင်ပါတယ်ခင်ဗျာ”
    ကျော်ကိုကို
    မြစ်တမြစ်ထဲမှာ ရေနှစ်ခါချိုးလို့မရဘူးလို့ ဂရိ အတွေးအခေါ်ပညာရှင် ဟီရာကလီတပ်စ်က ပြောခဲ့ဖူးပါတယ်။ ကျနော်တို့လူငယ်ဘဝမှာ မြစ်ရေစီးတခုကို ဖြတ်သန်းကူးခတ်ခဲ့ဖူးပါတယ်။ အဲ့ဒီမြစ်ကတော့ ရွှေဝါရောင်မြစ်ကြောင်း၊ ရွှေဝါရောင် တော်လှန်ရေးကာလပဲဖြစ်တယ်။
    ကျနော်တို့ခေတ် ကျနော်တို့မြစ်မှာ ဘယ်လိုဘယ်ပုံကူးခတ်ခဲ့ကြသလဲ။ ကျနော်တို့လူငယ်တစုဟာ ရန်သူ့ရဲ့တောင်ကုန်းအမှတ် ၂၀၀၇ ကို ဘယ်လိုအင်အားနဲ့ တိုက်ခိုက်ဖြိုချခဲ့သလဲဆိုတဲ့ မှတ်တမ်းကို ပြန်လည်တင်ပြချင်ပါတယ်။
    တွေ့ဆုံခြင်းနဲ့ စုဝေးခြင်း
    ————————————
    ကျနော်တို့ချင်း တွေ့ဖို့ကိစ္စက အမှန်တကယ်တော့ ခက်ခဲလှပါတယ်။ တယောက်ချင်းစီ နှစ်ယောက်ချင်းစီကသာ ကျောင်းတူတူတက်ကြပေမယ့် အားလုံးကတော့ ရန်ကုန်မြို့ရဲ့ အရှေ့ အနောက် တောင်မြောက်ဝဲယာ အစွန်အဖျားက တက္ကသိုလ်အသီးသီးက ကျောင်းသားတွေဖြစ်နေကြလို့ပါပဲ။
    ဒီလိုနဲ့ ကျနော်တို့ အဝေးကြီးက လာခဲ့ရပါတယ်။ လမ်းညွှန်တဲ့သူတွေကလည်း ရှိခဲ့ပါတယ်။ ဗကသဟောင်းတွေ၊ ယူဂျီလိုင်းတွေ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ၊ ကိုးခြောက် ကိုးရှစ်တွေနဲ့ ထိစပ်ပြီး တခုသော စနေနေ့မှာ အမေရိကန်စင်တာရဲ့ စာဖတ်ခန်းမှာ အားလုံးနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။
    ဒီကနေအစပြုပြီး ဗကသအမြုတေတည်ဖို့ သမဂ္ဂအုတ်မြစ်ချဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လမ်းချင်းလည်းတူကြ၊ လူချင်းလည်းတွေ့ကြတဲ့အခါ ပုံမှန်စာဖတ်ဝိုင်းမှာ နိုင်ငံရေးဆွေးနွေးကြသလို တူရာတူရာစုဖွဲ့ပြီး စိတ်ကူးထဲမှာ ခွပ်ဒေါင်းအလံလွှင့်ခဲ့ကြတာပါ။ လက်တွေ့မှာ ခွပ်ဒေါင်းအလံလွှင့်ဖို့ထက် ထောက်လှမ်းရေးလက်ကလွတ်အောင် မနည်းရှောင်နေကြရုံပဲ ရှိနေပါသေးတယ်။
    ဇာတ်မြုပ်နေရတဲ့ ကျောင်းသားတစု
    —————————————————-
    နိုင်ငံရေးနဲ့ထိလိုက်တိုင်း ဖမ်းခံရဖို့အန္တရာယ်များတဲ့ခေတ်ဆိုတော့ ကျနော်တို့နာမည်တွေ မထွက်အောင် ဇာတ်မြုပ်နေခဲ့ရတယ်။ ကျနော်တို့ စာဖတ်ဝိုင်းလုပ်တဲ့သတင်း ရန်သူ့ထောက်လှမ်းရေးက သိသွားလို့ အမေရိကန်စင်တာသွားတဲ့ ကျောင်းသား၊ ကျောင်းသူ တော်တော်များများကို အထူးတပ်ဖွဲ့လို့ခေါ်တဲ့ ရဲထောက်လှမ်းရေးက တရက်ကြာ စစ်ကြောရေးခေါ်တယ်။ ကံကောင်းထောက်မစွာ အဲ့ဒီလူစာရင်းမှာ ကျနော်မပါခဲ့ဘူး။
    နောက်တခေါက်က ရှစ်ပူးမျိုးဆက်ရဲ့ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် ဆွမ်းကပ်ပွဲကို ခြောက်ထပ်ကြီးဘုရားနားက သာသနာ့သိပ္ပံကျောင်းမှာလုပ်တော့ ကျနော်သွားတက်ဖြစ်တယ်။ အဲ့ဒီပွဲမှာ ထောက်လှမ်းရေးက ဓာတ်ပုံရသွားပြီး အိမ်အထိလိုက်လာခဲ့လို့ ခဏရှောင်နေခဲ့ရတယ်။ ရှောင်လက်စနဲ့ မထူးဘူးဆိုတဲ့အတွေးနဲ့ သမဂ္ဂဖွဲ့ဖို့ ကိုယ်နဲ့နီးစပ်သူတွေကို လိုက်ဆွေးနွေးကြည့်တယ်။ ထူးခြားတာက ကျနော့်ကိုမြင်ရင် ကျောင်းက မော်ကွန်းထိန်းတွေ၊ ဌာနမှုးတွေက သရဲတစ္ဆေကို တွေ့သလို ဆက်ဆံကြတာမျိုးပါ။
    စက်တင်ဘာလမတိုင်မီ ကားလိပ်အဖွင့်
    ———————————————————-
    ရွှေဝါရောင်မဖြစ်ခင် တကယ်စဖြစ်ခဲ့တာ ကုန်စျေးနှုန်းဂယက်ပဲ။ လောင်စာဆီစျေးနှုန်း ကျဆင်းရေးအတွက် ဟိုနား၊ သည်နားမှာ လမ်းလျှောက်ပွဲတွေ ပေါ်လာတယ်။ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်ချင်ပေမယ့် ကျနော်တို့နဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတချို့က စောင့်ကြည့်ဦး၊ လုပ်စရာရှိတာ အခိုင်အမာလုပ်ပြီးမှ ပွဲတကယ်ဖြစ်ရင်ပါလို့ အကြံပေးခဲ့တယ်။ ဒါကြောင့်ပဲ သမဂ္ဂဖွဲ့ဖို့နဲ့ လျှို့ဝှက်ကြေညာချက်တွေထုတ်ဖို့ တာဝန်ယူလိုက်တယ်။ မနက်ခင်းတခုရဲ့ အစောပိုင်းကာလမှာ ရန်ကုန်အရှေ့ပိုင်းက လမ်းတလမ်းပေါ် လူတယောက်နဲ့ လျှို့ဝှက်တွေ့ဆုံရတယ်။ အသားလတ်လတ် ခပ်ဖိုင့်ဖိုင့်နဲ့ လူလတ်ပိုင်း။ သူ့နာမည်က မီရှဲလ်။
    သူ့လက်ထဲက နိုကီယာဖုန်းကတော့ ဗကသများအဖွဲ့ချုပ်ရဲ့သမိုင်းမှာ အရေးအပါဆုံးပစ္စည်းတခုပဲ။ သူ့ဖုန်းကို တရက်ငှားပြီး ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ခေတ်ပြိုင်၊ ဟစ်တိုင်တို့လို ပြည်ပမီဒီယာတွေနဲ့ ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်၊ အင်တာဗျုးပေးရတယ်။ လုံခြုံရေးအရ ဟမ်းဖုန်းသုံးရပေမယ့် အားကုန်သွားလို့ ကျနော့်အိမ်ပေါ်တက်ပြီး စိတ်မချရတဲ့ ကြိုးဖုန်းနဲ့ ဆက်ပြောရသေးတယ်။
    ကြေညာချက်ကို မီဒီယာမှာ ရွတ်ပြတဲ့သူက ကိုဂျိမ်းစ် ခေါ် လင်းထက်နိုင်။ အင်တာဗျုးဖြေရတာက ကျနော်။ ဘေးမှာ ကူညီပြီး အကြံပေးတာက မဟန်နီဦးနဲ့ ကိုစည်သူမောင်။ နောက်တဖြည်းဖြည်းချင်း ကျနော်တို့ ကွန်ရက်ကို ချဲ့ချဲ့ယူရပါတယ်။ ကိုဖိုးစိုးတို့၊ စည်သူတို့တွေလည်း ကျနော်တို့ရဲ့ လျှို့ဝှက်ကြေညာချက်တွေကို လူကြားထဲပြန့်အောင် သတိထားပြီး ဖြန့်ဝေပေးရင်း အချိန်တလအတွင်းမှာ သံဃာထုရဲ့ ဆန္ဒပြပွဲတွေနဲ့ တည့်တည့်တိုးပါတော့တယ်။
    ဓမ္မစေတီလမ်းမှသည် ရေတာရှည်လမ်းဆီသို့
    ——————————————————————
    ရွှေဝါရောင်နေ့ရက်တွေရဲ့အစမှာ ဓမ္မစေတီလမ်းပေါ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်က ကျနော်တို့ရဲ့ စုရပ်ပဲ။ ဘုန်းကြီးတွေ ဘယ်ကျောင်းက စထွက်မလဲ၊ ဘယ်ဘုရားမှာ လူစုမလဲကနေ ဘယ်နေ့ဘယ်အချိန် ဘယ်လမ်းကြောင်းပေါ်က ချီတက်မလဲဆိုတာ လူစုံတဲ့အခါ သတင်းဖလှယ်ကြတယ်။ ပြီးရင် လုပ်စရာရှိတဲ့အလုပ်တွေကို တာဝန်ခွဲပြီး လုပ်ကြတယ်။
    ကျနော့်တာဝန်ထဲက မှတ်မှတ်ရရတခုကတော့ သံဃာ့တပ်ပေါင်းစုတာဝန်ခံ ဦးဇင်းတပါးနဲ့ ရန်ကင်း မိုးကောင်းဘုရားမှာ သွားတွေ့ပြီး ဗကသခွပ်ဒေါင်းအလံကို သာသနာ့အလံတော်နဲ့အတူ တိုက်ပွဲတွင်းမှာ လွှင့်ထူခွင့်ရဖို့ ဆွေးနွေးတာပါ။ ကျနော်နဲ့အတူ ကိုဂျိမ်းစ်လည်း ပါပါတယ်။ နောက်ရက်ကစပြီး သံဃာထုနဲ့ နီးစပ်အောင် ချီတက်ပွဲတိုင်းမှာ ဘေးကဝန်းရံပါဝင်ခဲ့တယ်။ ရဟန်းတော်တွေ ဆွမ်းစားမယ့်အချိန်မှာ ကဗျာဆရာတွေ၊ ရုပ်ရှင်သမားတွေ လှူတဲ့ငွေနဲ့ ဒံပေါက်ဆွမ်းကပ်ဖို့ ကျနော်တို့ ဗကသကျောင်းသားရဲဘော်တွေက အစစအရာရာ စီစဥ်ပေးခဲ့ကြတယ်။
    သတိအရဆုံးကတော့ လပြည့်ဝေးနဲ့ စည်သူမောင့်အဖေ ကိုပီတာတို့ပဲ။ သူတို့က ကားမောင်းပြီး ဒံပေါက်နဲ့ ရေသန့်ဗူးတွေ ပတ်ဝယ်၊ ကျနော်တို့က ဆွမ်းကပ်ကြတယ်။ ကြေးသွန်းဘုရားကြီးရှေ့ ကြံရည်ဆိုင်ဘေးမှာ ထောင်ထားတဲ့ ဝါးလုံးတွေက အလံတိုင်ဖြစ်လာပြီးတော့ ဘုန်းကြီးတွေစွန့်တဲ့ သင်္ဃန်းပိတ်စတွေက ခွပ်ဒေါင်းအလံဖြစ်လာခဲ့ပါတယ်။
    ရွှေတိဂုံအောင်မြေနင်းပွဲနဲ့ ဆူးလေရင်ပြင်တရားပွဲ
    ———————————————————————-
    ရန်ကုန်မှာ ဆန္ဒပြတိုင်း ရွှေတိဂုံနဲ့ ဆူးလေက မပါမဖြစ် အရေးအပါဆုံးနေရာတွေဖြစ်နေပါတယ်။ ကျနော်တို့ စပြီး အလံလွှင့်ထူတဲ့ စက်တင်ဘာ ၂၅ ရက်နေ့က သူငယ်ချင်းသတင်းသမားတယောက်က အရှေ့ဘက်မုခ်မှာ အပြေးအလွှားနဲ့ ဓာတ်ပုံတွေ ရိုက်ယူလိုက်တယ်။ ဆယ်နှစ်နေလို့ တခါတောင် မလွှင့်ခဲ့ရတဲ့ ဗကသတိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို ကျနော်တို့ တင်းတင်းဆုပ်ကိုင်ပြီး ချီတက်ခဲ့ကြတာပါ။
    နေပူပူအောက်မှာ အသက်ရှုသံတွေ စည်းချက်မမှန်တော့တဲ့အထိ ရင်ခုန်သံတွေ ရစ်သမ်မညီတော့တဲ့အထိ ဝမ်းသာမိခဲ့ရတယ်။ လူငယ်အချင်းချင်း လက်တွဲမိကြ၊ သမိုင်းသစ် အဖူးအပွင့်ဝေဖို့ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးမိကြပါတယ်။ သမဂ္ဂကိုယ်စား ရှေ့ထွက်ပြီး တရားဟောရတဲ့တာဝန်ကို ကျနော်ယူခဲ့တယ်။ ရေဒီယိုမှာ ကြေညာထားတဲ့ နာမည် “ကျော်ကိုကို” ဆိုတာ ဘယ်သူမှန်း ကျနော့်အဖေတောင် မသိသေးဘူး။ ဆူးလေဘုရားရှေ့က ပန်းခြံထောင့်မှာ ပလတ်စတစ်ကုလားထိုင်ပေါ် တဆတ်ဆတ်တုန်နေတဲ့ ခြေထောက်တွေကို မနည်းငြိမ်အောင်ထိန်းပြီး မိန့်ခွန်းပြောပါတယ်။
    ကိုယ့်ကိုယ်ကို အားမရပေမယ့် တာဝန်တခု ကျေခဲ့တယ်လို့ ယူဆပါတယ်။ တိုက်ပွဲကြားက ပြည်သူတွေလက်ဆင့်ကမ်းပေးတဲ့ ရေသန့်ဗူးကိုသောက်ပြီး ခရီးရှည်ချီတက်ခဲ့တယ်။ နေ့စဥ်ရက်ဆက် လမ်းပေါ်မှာ အသံကုန်ဟစ်ကြွေးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရတဲ့ အရသာကို ယစ်မူးသဘောကျခဲ့မိတယ်။ စစ်အုပ်စုရဲ့ ချေမှုန်းရေးရိုင်ဖယ်ပြောင်းဝမှာ အာဏာဖီဆန်နေတဲ့ ပြည်သူတွေဟာ ကျနော်တို့အတွက် အားဆေးသဖွယ်ဖြစ်လာပါတော့တယ်။
    ယမ်းငွေ့ကြားက ရန်ကုန်
    ————————————-
    ဓမ္မစက်နဲ့မရှင်းဘဲ အာဏာစက်နဲ့ရှင်းမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကြိမ်းဝါးသံနောက်မှာ နံပါတ်တုတ်တွေ ကျည်ဆန်တွေ ပလူပျံသွားပါတော့တယ်။ အလုံသစ်စက်ဝင်းနားမှာ ကျနော်တို့ အသက်လုပြေးရင်း ကိုးထပ်ကြီးဘုရားဝင်းထဲက ဘုန်းကြီးတွေ ကယ်တင်လိုက်လို့ အဖမ်းမခံခဲ့ရဘူး။
    အခုကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ (ဦး)လှသန်းက ကျနော်တို့ကို နားခိုရာနေရာစီစဥ်ပေးတယ်။ သူ့ရဲ့ ဝပ်ကျင်းကလေးဟာ ကျနော်တို့အတွက် လုံခြုံတဲ့ခံကတုတ်တခု ဖြစ်လာပါတော့တယ်။ မနက်ပိုင်းကို လမ်းပေါ်ထွက်ဆန္ဒပြ ညပိုင်းကို ဝပ်ကျင်းမှာ ပုန်းအိပ်ရင်း ရန်ကုန်ဟာ တစတစ ကျဥ်းမြောင်းလာသလို ခံစားလာရတယ်။
    နေရာတိုင်းမှာ စစ်ကားတွေ၊ ဘရင်းကယ်ရီယာတွေနဲ့ လက်နက်ကိုင်အပြည့်ချထားတဲ့ ရန်ကုန်ညတွေဟာ တဖြည်းဖြည်း ခြောက်ခြားစရာကောင်းလာတယ်။ ဒီလိုနဲ့ပဲ ကြည့်မြင်တိုင်၊ ဗားဂရာ၊ လှည်းတန်း၊ တောင်ဥက္ကလာပနဲ့ မရမ်းကုန်းမှာ နာမည်ပြောင်းလိုက် ရုပ်ဖျက်လိုက်နဲ့ ခြောက်လကြာ ရှင်သန်အောင်နေပြီး ရန်သူ့လက်က နှစ်ခါတိတိ ကပ်သီးကပ်သတ် လွတ်မြောက်လိုက်ပါသေးတယ်။
    ကောင်းကင် ပျောက်ဆုံးခြင်း
    ——————————————
    တော်လှန်ရေးကာလအတွင်းမှာ ကျနော်တို့ရဲ့နာမည်တွေက အာကာ၊ ဝေယံ၊ လမင်း၊ သူရိန်တွေ ဖြစ်လာတော့ မင်းတို့က ကောင်းကင်ပေါ်ကနေ မဆင်းတော့ပါလားလို့ ပြောခံရသေးတယ်။ ရန်ကုန်မှာ မလုံခြုံတော့လို့ မြေလတ်ကို ဆင်းရတဲ့ညမှာ ကောင်းကင်ကြီးတခုလုံး ကြယ်တွေစုံလို့ပေါ့။ ဗင်းဆင့်ဗန်ဂိုးတမ်းချင်းထဲကလို ပြာဝင်းရွှန်းလဲ့တဲ့ ကောင်းကင်ကို နောက်တခေါက်မှာ ပြန်မမြင်ရတော့မှန်းလည်း မသိခဲ့ပါဘူး။ ဒီလိုနဲ့ ပျင်းရိခြောက်သွေ့တဲ့ ကျေးလက်မှာ ရှောင်ပုန်းရင်းကနေ နိုင်ငံရေးမလုပ်ရတဲ့အတွက် မချင့်မရဲဖြစ်လာကြတယ်။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ပြန်ချင်တာရယ်၊ ထောင်ထဲရောက်သွားတဲ့ ရဲဘော်တွေအတွက် တာဝန်မကျေသလို ခံစားလာရတာရယ်ကြောင့် ကျနော်တို့ ရန်ကုန်ပြန်တက်ခဲ့တယ်။
    ဒီတခေါက် ရန်ကုန်မိုးကောင်းကင်က အုံ့မှိုင်းမှောင်ပိန်းပြီး အလင်းရောင်တစတောင်မှ မမြင်ရတော့ပါဘူး။ ဗကသများအဖွဲ့ချုပ် (မြေအောက်) လုပ်ငန်းကော်မတီ ပြန်လည်ဖွဲ့စည်းရေးအတွက် ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူတချို့ကို စည်းရုံးရေးဆင်းဖို့ တာဝန်ယူထားတဲ့ ရဲဘော်ဥာဏ်လင်းအောင်ရဲ့အိမ်မှာ ကျနော်တည်းခိုခဲ့ပါတယ်။
    သူ့ရဲ့အိမ်ရောက်ပြီး နှစ်ရက်မြောက်နေ့ညနေမှာ ကျနော့်ရဲ့ ရဲဘော်ဟာ အိမ်ကို ခါတိုင်းပြန်နေကျအချိန် ပြန်ရောက်မလာခဲ့ပါဘူး။ သူ့ဖုန်းကို ကျနော်ဆက်ကြည့်တဲ့အခါမှာ တက္ကစီပေါ်ကျန်ခဲ့လို့ ပြန်လာယူရင်ပြန်ပေးမှာပါလို့ တဖက်က ပြန်ပြောပါတယ်။ ဒီလိုပြန်ပြောတဲ့လူရဲ့အသံကို ကျနော် မသင်္ကာပေမယ့် ကျနော်တို့ရဲ့စီနီယာအကိုတယောက်က အဆင်ပြေမှာပါ၊ တညလောက်တော့ကျော်ဖြတ်လိုက်ပါလို့ ပြောတဲ့အတွက် ကျနော် နေရာရွှေ့ပြီး မအိပ်လိုက်ပါဘူး။
    အဲ့ဒီညမှာ လေးဖက်လေးတန် ဝိုင်းထားတဲ့ စစ်ဖိနပ်သံတွေကို ကြားခဲ့ရပါတယ်။ အဲ့ဒီညမှာ တံခါးကို တဒုန်းဒုန်းထုရိုက်သံတွေ ကြားခဲ့ရပါတယ်။ အဲ့ဒီညမှာ မျက်စိကို အဝတ်စည်းပြီး ဂျိုင်းကနေ တရွတ်တိုက်ဆွဲခေါ်တာ ခံခဲ့ရပါတယ်။ အဲ့ဒီညမှာ နံကြားကို အေးစက်တဲ့ သေနတ်ပြောင်းနဲ့ထောက်ပြီး နောက်ကြောကို ဆောင့်ကန်တာခံခဲ့ရပါတယ်။ အဲ့ဒီညမှာ အမှောင်ထုကလွဲရင် ဘာဆိုဘာမှ မရှိခဲ့ပါဘူး။
    သမိုင်းစာအုပ်ပေါ်က ခြစ်ရာများ
    ————————————————
    ၂၀၀၇ ရွှေဝါရောင်မြစ်မှာ မျိုးဆက်တခုအဖြစ် ကျနော်တို့ စီးဆင်းပြီးခဲ့ပါပြီ။ တိုက်ပွဲနဲ့ ထောင်ငရဲခန်း ကူးသန်းသွားလာခဲ့ပြီးပါပြီ။ ဒီအကြောင်းတွေကို ပြန်ပြောင်းပြောပြဖို့အတွက် ကျနော်တို့မှတ်ဥာဏ်ထောင့်တနေရာမှာ စွန်းရာကွက်ရာလေးတချို့ပဲ ရှိကောင်းရှိပါတော့တယ်။ ကျနော်တို့ မျိုးဆက်အနေနဲ့ ကိုယ့်ဘက်က သမိုင်းကို အစွန်းအကွက်ထက်ပိုတဲ့ သမိုင်းစာအုပ်ပေါ်က ခြစ်ရာများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြရင်တော့ ကျနော်တို့ ဗကသရဲဘော်အဖြစ် ဖြတ်သန်းရကျိုးနပ်မယ် ထင်ပါတယ်ခင်ဗျာ။

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    “ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း”
    ****************************

    Ernesto Ba Chan

    တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် ‌စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့
    တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။

    တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ် ဖက်ကြမ်းရော အဖြူရော၊ လစ်ပိုကဒ်ရှိမယ် ကွမ်းယာထုပ်ရှိမယ်၊ တခြားစားစရာတွေရှိမယ် ပစ်တာက တစ်ရက်လုံး တညလုံးပါပဲ နားလိုက် ပစ်လိုက်ပေါ့။

    မနက်မိုးလင်းတာနဲ့ ရေသန့်နဲ့ မျက်နှာသစ်တယ် ရေသန့်ဗူးဆိုတာ ကဒ်လိုက် ကဒ်လိုက် ပြီးတာနဲ့ ပစ်ကြတာပါပဲ မောတဲ့လူက နောက်ပြန်ဆုတ် ဆေးလိပ်လေးဘာလေးသောက် စကားလေးဘာလေးပြော လေယာဉ်လာကြဲရင် ဝပ်ကြပေါ့။ ကျနော်တို့ဆို စခန်းထဲကို လစ်ပိုဗူးတွေနဲ့ ကောက်ထုပြီး သောက်ဖူးလား ခွေးတွေဆိုပြီး အော်ပေးကြတာ။

    (more…)

  • ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

    ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

    RNA_စက်တင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံတွင် စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ မရှိတော့သည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များက ထိန်းချုပ်ပြီး ရေလှောင်တမံ ကျိုးပေါက်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း ပြည်သူများ ရေဘေးမကြုံရရေးအတွက် နေ့စဉ်ထိန်းညှိ လုပ်ဆောင်နေသည်ဟု သိရသည်။

    (more…)

  • စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

    စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

    RNA_စက်တင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။

    ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် သန်းခေါင်စာရင်းကောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    “မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသူများသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေးနေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် မိမိတို့ရှုမြင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)