RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။
စစ်အုပ်စု ကျင်းပမည့် အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထုတ်ပြန်ထားသည်။
လာမည့် ၂၀၂၇ ခုနှစ် ဧပြီလ (၄) ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် ပြည်သူများ ဆန္ဒမဲထည့်နိုင်ရေးအတွက် ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများမှတဆင့် ယနေ့ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် အချက်အလက်များ ဖြည့်သွင်းပြီးပါက ဒီဇင်ဘာ (၂) ရက်တွင် ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း စစ်အုပ်စုက ဖော်ပြထားသည်။
စစ်အုပ်စု ထိန်းချုပ်ထားသည့် လွှတ်တော်များ၌ လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်နေရာပေါင်း (၅၅) နေရာအတွက် မဲအများဆုံးအနိုင်ယူစနစ် (FPTP) စနစ်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း စစ်အုပ်စုက နိုဝင်ဘာ (၅) ရက်တွင် ထုတ်ပြန်ထားသည်။

Photo : EPA
စစ်အုပ်စု ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs)၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုကြား လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဒေသများလည်း ပါဝင်နေပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာများအတွက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်အုပ်စု ကျင်းပခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲအပေါ် စစ်အုပ်စုနှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် နိုင်ငံအချို့မှလွဲ၍ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာခေါင်းဆောင်များက အသိအမှတ်ပြုခြင်းမရှိသေးပေ။
#RedNewsAgency #RedNews #RNA