“အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်”
*********************************
လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ပြည်သူတို့ရဲ့ အသက်တွေကို ချနင်းရမှာလဲ စဉ်းစားတွေဝေ မနေတတ်ကြဘူးလေ။
ပြန်မတွန်းလှန်ရဲစေလိုတဲ့ စိတ်တစ်ခုနဲ့ အာဏာရူးတွေရှို့တဲ့မီးက မြို့ပြတွေမှာလောင်တယ်၊ လေးကေကော်မှာလောင်တယ်၊ စစ်ကိုင်းမှာလောင်တယ်၊ ထန်တလန်မှာလောင်တယ်၊ ပဲခူးရိုးမလည်းလောင်တယ်၊ ရခိုင်ရိုးမလည်း လောင်တယ်၊ မိဘတွေရဲ့ ရင်ဘတ်ထဲမှာလောင်တယ်၊ သားသမီးတွေရဲ့ နှလုံးသားထဲမှာလောင်တယ် ၊ အနာဂါတ်တွေအားလုံးကို လောင်တယ်။ နောက်တော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ တစ်တိုင်းပြည်လုံးရဲ့ စိတ်ထဲ အသည်းထဲမှာ ထပ်လောင်တယ်။
တနိုင်ငံလုံးရဲ့ အပူမီးတွေနဲ့ ငိုးကြွေးသံကြားမှာ ဘုရားတည်ပြီး သာဓုခေါ်ပြနေတာက ကုသိုလ်လည်းရ ဝမ်းလည်းဝ တယ်ဆိုတဲ့အကြောင်းကို မီးဟုန်းဟုန်းတောက်နေတဲ့ ရောမမြို့ပျက်ကြီးနဲ့ တယောထိုးနေတဲ့ နီရိုးဘုရင်သာမြင်နိုင်ရင် စစ်အာဏာရှင်ကို ဆရာပါ တင်လောက်တာပေါ့။ အပြစ်ရှိသမျှကို ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး အလှူတွေပြုလိုက်တိုင်း ဝဋ်ကြွေးကျေတယ်လို့ ဘယ်ဘုရားကမှ မဟောထားခဲ့ပေမယ့် ဘုရားထူး ခံရတာကို သာယာချင်တဲ့ အဲ့ဒီအသိုင်းအဝိုင်းမှာ ငရဲဆိုတာ သူတို့အာဏာ ရပ်တည်မှုလောက်တောင် အရေးမပါတော့ပါဘူး။
(more…)