RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။
အလုပ်သမားပြတ်လပ်မှုကို လျှော့ချနိုင်ရန်အတွက် လာမည့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်းပြည့်မည့် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ်သက်တမ်း တိုးပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအား လာမည့် ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းစဉ်အတွက် ရက်ပေါင်း (၃၀) ကြာ စောင့်ဆိုင်းရန်လိုမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကိုလည်း ထပ်မံခေါ်ယူသွားရန်နှင့် ထိုင်းနိုင်ငံ စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးဒုက္ခသည်များကိုလည်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးမူဝါဒဆိုင်ရာကော်မတီက ယခုလုပ်ငန်းစဉ်များကို အတည်ပြုထားပြီးဖြစ်သော်လည်း အစိုးရအဖွဲ့၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် အကျုံးဝင်သူ (၂ ဒသမ ၃) သန်းနီးပါးရှိကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။


အလုပ်ရှင်များအနေဖြင့် တရားမဝင်အလုပ်သမားများကို ခန့်အပ်ခြင်းနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် နေရာများ၌ နိုင်ငံခြားသားများကို ခန့်အပ်ခြင်းများ လုပ်ဆောင်ပါက အလုပ်သမား (၁) ဦးချင်းစီအတွက် ဒဏ်ငွေဘတ် (၁) သိန်းပေးဆောင်ရမည်ဖြစ်ပြီး ထောင်ဒဏ်ပါ ကျခံရနိုင်ကြောင်း၊ နိုင်ငံခြားသား အလုပ်သမားများခေါ်ယူခွင့်ကိုလည်း (၃) နှစ် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးထားသည်။
ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဒဏ်ကြေးငွေပေးဆောင်ရမည့်အပြင် နေရပ်ပြန်ပို့ခံရခြင်းနှင့် ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့် (၂) နှစ် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။
#RedNewsAgency #RedNews #RNA