ရှမ်းပြည်နယ်တောင်ပိုင်း၌ နေရာအနှံ့ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ပင်လုံမြို့တို့အပါအဝင် နေရာအနှံ့ ရက်ဆက်မိုးရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ် (၂) နာရီခန့်က ပင်လုံမြို့ နန်ဆီဟော်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ပင်လုံ-လဲချားလမ်းမကြီး လမ်းပိုင်းနေရာအချို့၌ ရေလွှမ်းမိုးမှုများရှိခဲ့ကြောင်း၊ ဒေသခံပြည်သူများ လမ်းခရီး သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုသည်။

Photo – MFSD

ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့ကတည်းက မိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့၊ ပင်လောင်းမြို့၊ လွိုင်လင်နှင့် အောင်ပန်းမြို့တို့အပါအဝင် ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းဒေသတွင်း သတင်းများ၌လည်း ဖော်ပြထားသည်။

မိုးရွာသွန်းနိုင်မှုအခြေအနေနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ (၄) နာရီတွင် သတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်းနှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

#RedNewsAgency #RedNews #RNA

By Editor