“ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်…”
ချမ်းမင်း – Wiper
“တော်လှန်ရေး” ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်က အညာဘက်ကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ VC ပြောနေရင်း ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အဆိုပါသူငယ်ချင်းဟာ မန္တလာတက္ကသိုလ်ကနေ မြန်မာစာနဲ့ဘွဲ့ရပြီး ကိုယ့်မြို့မှာ Street Food လေးတွေ စမ်းသပ်ရောင်းရင်း ဘဝကိုစတင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အာဏာသိမ်းမှုတွေဖြစ်သွားခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေမှာ သူနဲ့မကြာခဏဆုံခဲ့ပြီး နောက်ဆုံး သင်္ကြန်အပြီးမှာ သူမြို့ကနေပျောက်သွားခဲ့ပါတယ်။ အဲ့တုန်းက စစ်တပ်အနေဖြင့် ဆန္ဒပြပွဲမှာပါတဲ့လူငယ်တွေ၊ ကျောင်းသားတွေနဲ့နိုင်ငံရေး သမားတွေကို အိမ်တွေရပ်ကွက်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကာလဖြစ်တာကြောင့် ထိုသူငယ်ချင်းအနေဖြင့် ခေတ္တရှောင်တိမ်းနေတာဖြစ်မယ်လို့ အစောပိုင်းက တွေးထင်မိပါသေးတယ်။
အခုနောက်ပိုင်း သူ့သတင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်ကြားလာရတဲ့အချိန်မှာတော့ ကျွန်တော်ထင်သလို ခေတ္တရှောင်တိမ်းသွားတာမျိုးမဟုတ်ဘဲ ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်လို့မရကြောင်း သေချာတာမို့ သူတို့ကျောင်းက သူငယ်ချင်းတွေစုပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်တန်းသွားတက်တာဖြစ်ကြောင်း ပြန်သိခဲ့ရတယ်။ ထိုအချိန်က စစ်တပ်အနေဖြင့် အင်တာနက်နဲ့ FB ကို အဓိကဖြတ်တောက်ထားတဲ့ကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း စစ်သင်တန်းတက်နေတာကြောင့် အဆက်အသွယ်သိပ်တော့မရခဲ့ပါဘူး။ တစ်ခါတစ်လေ လိုင်းပေါ်တက်လာရင် သူအဆင်ပြေကြောင်း၊ အခုဆို လက်ဖြောင့်သင်တန်းပါ ဆက်တက်နေကြောင်း သင်တန်းမှာ ထူးချွန်ဆုရတာကြောင့် မြေပြင်ကိုမဆင်းရသေးဘဲ မွမ်းမံသင်တန်းတွေဆက်တက်နေရကြောင်းတွေ ပြောပြလေ့ရှိပါတယ်။
(more…)