အထူးတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရရှိသည်ဟု အာဏာသိမ်းစစ်အုပ်စု လိမ်ညာပြောဆို

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်စစစ်ဌာနချုပ်ကို အာဏာသိမ်းစစ်အုပ်စုက သိမ်းယူခဲ့သည်ဟု ထုတ်ပြန်မှုအပေါ် အလုံးစုံမှန်ကန်မှုမရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Red News Agency ကို ပြောသည်။

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ တပ်စခန်းများကို စစ်အုပ်စုက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း နိုဝင်ဘာ (၁၀) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး NUG ၏ အထူးတိုင်းစစ်ဌာနချုပ်လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်မှုတွေဟာ အလုံးစုံမှန်ကန်မှုမရှိပါဘူး။ အထူးတိုင်းဆိုတာ လှုပ်ရှားစစ်တိုင်းဖြစ်သလို ဌာနချုပ်ဆိုတာလည်း ရွေ့လျားဌာနချုပ်ပဲဖြစ်ပါတယ်။ အထူးတိုင်းဌာနချုပ်ကျတယ်ဆိုတာ မရှိပါဘူး”ဟု ဦးနေဘုန်းလတ်က Red News Agency ကို ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ရှိ တပ်စခန်းပေါင်း (၁၁) ခုကို သိမ်းယူချိန် NUG အထူးတိုင်းစစ်ဌာနချုပ်လည်းပါဝင်သည်ဟု စစ်အုပ်စုက ဖော်ပြထားသော်လည်း အထူးတိုင်းစစ်ဌာနသည် ရွေ့လျားဌာနချုပ်တစ်ခုသာဖြစ်ကြောင်း၊ လက်ရှိ၌ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်ဒေသထဲရှိ တပ်စခန်းများကို စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် နိုဝင်ဘာလဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စု သိမ်းယူသွားသည့် လက်နက်ခဲယမ်းအချို့ကို KNLA တပ်ရင်းများကို ကြားဖြတ်တိုက်ခိုက်ကာ ပြန်လည်သိမ်းယူမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း တပ်မဟာ (၁) တာဝန်ရှိသူ၏ ပြောကြားမှုကို ကိုးကားပြီး Karen News က ဖော်ပြထားသည်။

#RedNewsAgency #RedNews #RNA

By Editor