စစ်အုပ်စုဘက် ပြောင်းသွားသူ ဦးဂူဆီး ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိ နိုင်မြင်းလောင်းသူသာဖြစ်

RNA_နိုဝင်ဘာ(၁၁)၊ ၂၀၂၆ခုနှစ်။

စစ်အုပ်စုဘက်ပြောင်းသွားသည့် ဦးဂူဆီး ဦးဆောင်သော လက်နက်ကိုင်အဖွဲ့သည် တော်လှန်ရေးအပေါ် ယုံကြည်ချက်ရှိသူမဟုတ်ဘဲ နိုင်မြင်းလောင်းသူ၊ သာကူးတစ်ဦးသာဖြစ်ကြောင်း လီဆူလူငယ်အစည်းအရုံး (LYC) မှ တာဝန်ရှိသူ ဒီဂျာဖစ်ချ်က Red News Agency ကို ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အခြေစိုက် ဦးဂူဆီး ဦးဆောင်သော လီဆူလက်နက်ကိုင်အဖွဲ့ဝင် (၅၀) ခန့်သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော် (TNLA) ထံ လာရောက်ပူးပေါင်းခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအလွန် ၂၀၂၆ အောက်တိုဘာ (၁၃) ရက်က စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်ခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သူ့ (ဦးဂူဆီး) ကို နိုင်မြင်းလောင်းတဲ့သူလို့ပဲ မြင်တယ်ဗျ။ အဓိကကတော့ ၁၀၂၇ အားကောင်းတဲ့အချိန်မှာ တော်လှန်ရေးဘက်ကို ကူးပြောင်းလာတယ်။ တရုတ်ဖိအားကြောင့် မိုးကုတ်၊ မိုးမိတ် ပြန်ပေးရတဲ့အချိန်မှာ ပြန်ပြီးတော့ စစ်ကောင်စီဘက် လက်နက်ချတယ်ဆိုတဲ့ သဘောပေါ့။ ဆိုတော့ သူက တော်လှန်ရေးကို တကယ်ယုံကြည်ချက်ရှိလို့ ဝင်လာတဲ့သူမဟုတ်ဘဲနဲ့ နိုင်မြင်းလောင်းတဲ့သူပေါ့၊ ပြောမယ်ဆိုရင်တော့ သာကူးပေါ့”ဟု ဒီဂျာဖစ်ချ်က ပြောသည်။

ဦးဂူဆီ ဦးဆောင်သော လီဆူတပ်ဖွဲ့ စစ်အုပ်စုထံ လက်နက်ချပူးပေါင်းသွားမှုသည် ၎င်းတို့၏ ရွေးချယ်မှုသာဖြစ်ပြီး လီဆူပြည်သူလူထုကို ကိုယ်စားမပြုကြောင်း၊ ၎င်းတို့အဖွဲ့သည် မိုးကုတ်မြို့နယ်အတွင်း အရပ်သားပြည်သူများကို မတရားဖမ်းဆီး ပေါ်တာဆွဲ တပ်သားစုဆောင်းမှုများ လုပ်ဆောင်နေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း လီဆူလူငယ်အစည်းအရုံး – LYC ၊ လီဆူအမျိုးသမီးများအဖွဲ့ (LSWO) ၊ ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးတို့က ပူးတွဲထုတ်ပြန်ထားသည်။

ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့ ဘက်ပြောင်းဝင်ရောက်မှုကို စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထပ်မံထုတ်ပြန်ထားပြီး ၎င်းတို့၏ ထုတ်ပြန်ချက်၌ TNLA တပ်ဖွဲ့ဝင်များဟု ဖော်ပြထားပြီး ဘက်ပြောင်းဝင်ရောက်လာသူသည် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၀၀) ဦးရှိကြောင်းနှင့် ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများပါ ယူဆောင်လာကြောင်း ဖော်ပြထားသည်။

“သူတို့ TNLA ကနေ ခွဲထွက်လာတဲ့အခါမှာ အင်အားက (၅၀) ဝန်းကျင်ပဲ ရှိတာပေါ့။ အခု သူတို့ စကစက ဖော်ပြတဲ့ ဘက်ပြောင်းသူ (၂၀၀) ဦးဆိုတာ အရေအတွက်အရ လိမ်ထားတာဖြစ်နိုင်သလို သူတို့ အဲဒီကြားထဲမှာ မိုးကုတ်၊ မိုးမိတ်အတွင်းမှာရှိတဲ့ တော်လှန်ရေးကို ထိစပ်ဖူးတဲ့ လီဆူးလူငယ်တွေကို ပေါ်တာဆွဲထားတာလည်း ဖြစ်နိုင်တယ်ဗျ”ဟု စစ်အုပ်စု ထုတ်ပြန်ထားသည့် လီဆူတပ်ဖွဲ့အရေအတွက်နှင့်ပတ်သက်၍ ဒီဂျာဖစ်ချ်က သုံးသပ်ပြောထားသည်။

ဦးဂူဆီး ဦးဆောင်သည့်အဖွဲ့ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်ခဲ့မှုအပေါ် TNLA ကလည်း ပြီးခဲ့သည့် အောက်တိုဘာ (၁၉) ရက်တွင် ကြေညာချက်ထုတ်ပြန်ထားပြီး ၎င်းတို့သည် တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့သဖြင့် မိမိတို့အဖွဲ့အစည်းနှင့် ကင်းကွာသွားပြီဖြစ်ကြောင်း၊ ၎င်းတို့၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများအပေါ် ဖိနှိပ်မှုများ ပြုလုပ်လာပါက အရေးယူသွားမည်ဟု ဖော်ပြထားသည်။

#RedNewsAgency #RedNews #RNA

By Editor