အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်မည့် နိုင်ငံများစာရင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထုတ်ပြန်လာသည်။

နိုဝင်ဘာ (၁၅) ရက်မှ (၁၇) ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ သက်ဆိုင်ရာနိုင်ငံများမှ ခေါင်းဆောင်များမှ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူကိုသာ တက်ရောက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာကိုယ်စားပြုအဖြစ် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံရေးရာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို အစည်းအဝေး တက်ရောက်ရမည့်သူများစာရင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။

Photo: AFP

စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ခံထားရသည့် စစ်အုပ်စုသည် အာဆီယံအဝန်းအဝိုင်းတွင်း ပြန်လည်ဝင်ခွင့်ရရှိနိုင်ရန် ကြိုးပမ်းနေသော်လည်း မြန်မာ့အရေး ဖြေရှင်းမှုနှင့် အာဆီယံအနေဖြင့် ဝင်ရောက်မစွက်ဖက်ရန်နှင့် ပြည်တွင်းရေးကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်သာ ဖြေရှင်းသွားမည်ဟု တုံ့ပြန်ထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ ဘရာဇီးလ်နှင့် ကနေဒါတို့မှ ခေါင်းဆောင်များအပါအဝင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ တာဝန်ရှိသူတို့လည်း တက်ရောက်ကြမည်ဖြစ်သည်။ ထို့ပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ ကုလသမဂ္ဂနှင့် အမေရိကန်တို့မှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုအစည်းအဝေး၌ ဖိလစ်ပိုင်အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကာလတစ်လျှောက် ဆောင်ရွက်ခဲ့မှုများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေးကိစ္စရပ်များကိုလည်း‌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #RedNews #RedNewsAgency

By Editor