ကျေးရွာများ၊ သုဿာန်များ၊ လူစုလူဝေးများကို စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ပြည်သူများနေထိုင်သော ကျေးရွာများ၊ သုဿာန်များနှင့် လူစုလူဝေးပြုလုပ်သည့် နေရာများကို ဒရုန်းဖြင့်ထောက်လှမ်းကာ ဒရုန်းဗုံးသီးများကြဲချ တိုက်ခိုက်နေကြောင်း သိရသည်။

“အခုရက်ပိုင်း ပျူရွာတွေကနေပြီး စစ်ကောင်စီလက်အောက်ခံတွေက ဒရုန်းနဲ့ ကင်းထောက်တယ် ပြီးတော့ ဒရုန်းဗုံးလာကြဲတယ်။ သူတို့ဒရုန်းတွေက လေးနာရီလောက်ပျံနိုင်တယ်လို့လည်း ကြားရတယ်။ ဒီနေ့ဆို သုဿာန်ကိုတောင် ဗုံးကြဲသွားတယ်လို့ ကြားရတယ်။ ရွာတွေကိုလည်း ကြဲလို့ ပြည်သူတွေ ထိတယ်လို့ ကြားတယ်”ဟု တန့်ဆည်မြို့နယ်၊ ကျေးရွာတရွာတွင်နေထိုင်သော ဒေသခံတဦးထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူများပူးပေါင်းပြီး တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာ စာသင်ကျောင်းနှင့် ကျေးရွာနေအိမ်များကိုလည်း နိုဝင်ဘာ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ယခုရက်ပိုင်း တန့်ဆည်မြို့ အနောက်ဘက်ရှိ ကျေးရွာများကိုလည်း နေ့ညမပြတ် ဒရုန်းဗုံးတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု Taze News တွင်လည်း ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor