ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။
 
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။
 
ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။

စစ်ကောင်စီက အကြောက်တရားလွှမ်းမိုးနိုင်ရေးအတွက် လူသွားလူလာများသည့်နေရာများ၌ ဖမ်းဆီးထားပြီးသူများအား ပစ်သတ်ပြီး စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများက ယူဆနေသည်။
 
ယခုနှစ် ဧပြီ(၂၄)ရက်နေ့ နံနက်ကလည်း စစ်ကောင်စီမှ ဗိုလ်မှူး အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီမှ ရက်ရက်စက်စက် ပစ်သတ်ထားခဲ့သည်။
 
ဖားကန့်၌ ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီက စပျစ်ခူးကျေးရွာတွင် လူ(၇၀)ကျော်၊ ရှရော်ခကျေးရွာတွင်လူ(၁၀၀)ကျော်၊ ဆိုင်းဖရာကျေးရွာတွင်လူ(၃၀)ကျော်၊ မှော်ပုံကျေးရွာတွင်လူ(၂၀၀)ကျော်၊ မဇွပ်ယန်ကျေးရွာနှင့်မလန်းကျေးရွာတို့တွင်လူ(၆၀)ကျော်ကို အတင်းအဓမ္မဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ထမင်းမကျွေးပဲထားခြင်း၊ ထိုးကြိတ်နှိပ်စက်ခြင်းများအပြင် လက်နက်ခဲယမ်းများ သယ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။
 
ထိုအထဲမှ အများစုကိုပြန်လွှတ်ပေးခဲ့သော်လည်း မသင်္ကာသူများအား ငရဲခန် းစစ်ကြောရေးထဲတွင် သတ်ပစ်ပြီး လက်လွန်သွားကြောင်း မိသားစုထံ ပြီးစလွယ်အကြောင်းပြန်မှုလည်း ဖြစ်ပွားခဲ့သည်။
 
စစ်ကောင်စီက ပြည်သူများအား ဖမ်းဆီးထားပြီး ပြန်မလွတ်သေးသူများရှိနေဆဲဖြစ်သလို အချို့ကို လူသွားလူလာများသည့်နေရာများ၌ သေနတ်ဖြင့်ပစ်သတ်ကာ စွန့်ပစ်ထားခဲ့ခြင်းများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
 
#RedNewsAgency
 
By Editor