ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

RNA_မေ(၆)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

“ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် ​သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။

ပြည်သူကို သေနတ်ဖြင့်ချိန်သည့်ကိစ္စသည် ယခုကြုံတွေ့ရသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ် ဖြစ်ခဲ့စဉ်က မြို့နယ် ပကဖထံ တိုင်ကြားပြီး ဖြေရှင်းခဲ့ရာ မြို့နယ်ပကဖ တာဝန်ခံရှေ့တွင် တိုင်ကြားသူကို သေနတ်ဖြင့်ချိန်သူက ရန်ပြုမူခဲ့သော်လည်း နောက်နောင်မဖြစ်စေရဟု မြို့နယ်တာဝန်ခံက ပြောခဲ့ခြင်းဖြစ်သည်။


“တော်လှန်ရေးသမားတွေ ကာကွယ်ရေးသမားတွေဖြစ်မလာဘဲ လက်နက် ကိုင်တွေပဲ ဖြစ်လာမှာကိုကျွန်တော်တို့ကြောက်ပါတယ်။ ကြောက်လည်းကြောက်ရပါမယ်။ ဒီတော်လှန်ရေးမှာအခြေခံအကျဆုံးဖြစ်တဲ့ ပကဖတွေကို မထိန်း​ကျောင်း မတည့်မတ်ပေးနိုင်ရင် တော်လှန်ရေးရဲ့လားရာဟာ နိုင်ငံတကာအမြင်မှာမေးခွန်းထုတ်စရာဖြစ်နိုင်ပါတယ်။” ဟု ဒေသခံတဦးက ဆက်လက်ပြောကြားထားသည်။

ပအဖ၊ ပကဖ၊ ပလဖ များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးနှင့်ပြည်ထဲရေး ဝန်ကြီးဌာန နှစ်ခုပေါင်း စိစစ်မှုများ၊ ဝန်ကြီးဌာန တစ်ခုချင်း စိစစ်မှုများ ပြုလုပ်နေပြီး ရာဇဝတ်ဥပဒေအရ အရေးယူတာ ရှိမည်ဟု NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကလည်း ပြည်သူများကို အသိပေးထားသည်။

#RedNewsAgency

By Editor