ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။

“ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်းက ပြည်သူတွေစုပေါင်းပြီး ယမ်းထားရှိတယ်လို့ သံသယရှိရာနေရာတွေကို လိုက်လံစစ်ဆေးတာ၊ ဂိုဒေါင်တွေဖွင့်ကြည့်ခွင့်တွေ တောင်းဆိုခဲ့ကြပါတယ်။ ဂိုဒေါင်စောင့်တွေကို နှစ်နာရီအတွင်း ဖွင့်မပေးရင် သော့ရိုက်ဖျက်မယ်၊ တွေ့ရင် ဉရုချောင်းထဲမျောမယ်ပြောမှ သူတို့တာဝန်ခံတွေလာပြီး ရွှေ့ပေးတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက Red News Agency ကိုပြောပြသည်။

ဖားကန့်တွင် မိုးကောင်းအခြေစိုက် စကခ (၃)မှ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ၂၀၂၅ ခုနှစ် မေလ (၂၈) ရက်နေ့မှ စတင်ကာ ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ ကျောက်စိမ်းလုပ်ကွက်များအတွင်းဝင်ရောက်ကာ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်ခြင်း စသည်တို့ကို ပြုလုပ်နေသည့်အတွက် မေလ ၂၈ ရက်နေ့မှ ဇွန်လ (၈) ရက်နေ့အထိ ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor