နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။

ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။

လူသားဒိုင်းကာအဖြစ် ပြည်သူများအား ဖမ်းဆီးအသုံးချတတ်သည့် စစ်တပ်သည် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ၌ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့သည့် လူသားဒိုင်းကာ လူနှစ်ရာကျော်အနက် မှော်ပုံကျေးရွာမှ ပြည်သူ (၂၀) ဦး၊ ဆန်ခါကျေးရွာမှ ပြည်သူ (၅)တို့ ယနေ့တိုင် အိမ်ပြန်ရောက်မလာကြသလို မိသားစုနှင့်လည်း အဆက်အသွယ်မရဖြစ်ကာ စစ်ကောင်စီလက်ထဲ သေသည် ရှင်သည် မသိကြရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဓာတ်ပုံ – ဖားကန့်-မိုးကောင်း လမ်းမပေါ်တွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများယာဉ်တန်း။

လက်ရှိ နန့်ယား‌လမ်းကြောပေါ်၌ စစ်ကောင်စီနှင့် KIA/KPDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ကုန်စည်စီးဆင်းမှု ခေတ္တပြတ်တောက်နေပြီး ဖားကန့်၌ စားသောက်ကုန်အချို့ ပစ္စည်းပြတ်လာစပြုလာနေကြောင်း ဈေးသည်အချို့ထံမှ သိရသည်။

လေးရက်မြောက်ပြတ်တောက်နေသည့် လမ်းကြောသည် ယနေ့နေ့ခင်းပိုင်းမှစတင်ကာ မိုးကောင်းမြို့ဘက်၊ တနိုင်းလီဒိုလမ်းကြောဘက်သို့ အဆင်းကားများလမ်းဖွင့်ပြီဖြစ်ပြီး ဖားကန့်သို့ အတက်ကားများ တက်လာ၍ မရသေးပဲ ပိတ်မိနေဆဲဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။

#RedNewsAgency

By Editor