စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ

“အခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်‌ရှောက်မှု မ‌ပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်”
ဧရာဝတီလင်းပိုင် – Wiper
ဇူလိုင်လဆန်းပိုင်းကစပြီး ပြည်သူတွေဟာ ဒုက္ခတစ်ခုထပ်တိုးရင်ဆိုင်လိုက်ရတာတော့ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေ ဖမ်းဆီးခံရခြင်းရဲ့ နောက်ကွယ်မှာ ငွေထုတ်ယူမှုပြဿနာဆိုတဲ့ ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပ်ထားတဲ့ ငွေကို သွားရောက်ထုတ်ယူကြရာမှာ ၂ သိန်းမှ ၅သိန်းထိသာ ထုတ်ပေးကြောင်းကို သွားရောက်ထုတ်ယူခဲ့သူများထံမှ သိရှိရပါတယ်။ တစ်နေရာနှင့်တစ်နေရာ ထုတ်ပေးမှု ပမာဏ ကွာခြားချက်များရှိ‌‌သော်လည်း သေချာတာက‌ တော့ မိမိငွေကို အပ်ထားတဲ့ ပမာဏအတွင်းက လိုသလောက် ထုတ်‌ယူမရတာ‌တဲ့ အခက်အခဲကတော့ နေရာတိုင်း ကြုံနေရပါတယ်။ မှတ်ပုံတင်ဖြင့် ငွေလွှဲသူများကိုလည်း ၅ သိန်းအောက်ထိသာ ဝန်ဆောင်မှုပေးလုပ်ကိုင်လျှက်ရှိပါတယ်။
 
KBZ Pay၊ AYA Pay ၊ Wave Payစတဲ့ Online payment များမှာလည်း ငွေသားထုတ်ယူမှုအတွက် တစ်သိန်းထုတ်ယူရင် တစ်သောင်း၊ ငါးထောင်ပေးပြီး ထုတ်ယူနေကြရသလို Online payment ဖြင့် ငွေပေးချေဈေးဝယ်ပါက လက်မခံတာရှိသလို ၅% အပိုပေးပြီးငွေပေးချေမှုဖြင့် လက်ခံမှုလည်းရှိကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် အခြေခံလူတန်းစားများအတွက် ရာခိုင်နှုန်းပေးပြီး ငွေထုတ်ယူရခြင်း၊ ဈေးဝယ်ရခြင်းတို့သည် ပိုမိုကြပ်တည်းမှုများဖြစ်ပေါ်နေပါတယ်။ ဒီလိုပြည်သူတွေ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်အောင် ဖန်တီးသူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။ ဆန်၊ဆီဈေးကို ထိန်းချုပ်တယ်ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူခံရမယ်ဆို ထုတ်ပြန်ထားတယ်။ ဒါပေမယ့် သတ်မှတ်ဈေးအတိုင်း ဘယ်စီးပွားလုပ်ငန်းရှင်ကမှ မရောင်းနိုင်တဲ့အခါ တိတ်တဆိတ်လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်ရတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က မင်းအောင်လှိုင်နှင့် ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံမှုမြင်ကွင်း။
ရွှေ၊ ဒေါ်လာဈေးလည်း ထိုနည်းအတိုင်းပဲ။ သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းတဲ့အခါ အလျော့တွက်တွေကို ဈေးကွက်အပြင်ပေါက်ဈေးနဲ့ ညီမျှအောင်တွက်ချက်ပြီး တိုးပြီးယူထားတယ်။ ဘောက်ချာထဲမှာတော့ သတ်မှတ်ဈေးအတိုင်းရေးပြီး အလျော့တွက်ယူထားတဲ့ အလေးချိန်ပမာဏတွေမှာတော့ အတိုင်းထက် လွန်ယူထားကြပါတယ်။ ‌သတ်မှတ်ဈေးဟာ ဒေါ်လာဈေး ၃ထောင်ကျော်၊ ရွှေဈေး သိန်း ၄၀ ကျော် ပတ်ချာလည်ဖြင့် သတ်မှတ်ပေးထားပြီး အပြင်ပေါက်ဈေးမှာ ဒေါ်လာဈေး ၅ထောင်နီးပါး၊ ရွှေဈေးဟာလည်း သိန်း ၆၀ ထိ ကပ်နေပါတယ်။
 
အကြမ်းဖက်စစ်ကောင်စီကတော့ ဈေးနှုန်းများထိန်းချုပ်မှုပြုလုပ်တယ်ဆိုတိုင်း ပြည်သူလူထုဟာ ဒုက္ခပိုရောက်ပြီး ပိုကြပ်တည်းမှုသာ ခံစားနေရတဲ့ ဒုက္ခပေါင်းမျိုးစုံဟာ သူတို့အတွက်တော့ ယတြာချေဖို့ကိစ္စလောက်ထိ ခေါင်းထဲရှိမနေခဲ့ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုရဲ့ အသံကို ခဏတာ နားစွင့်ပြီး ရေတိုနည်းနဲ့ အသိဉာဏ်မဲ့ ဖြေရှင်းလိုက်တဲ့ လုပ်ရပ်တွေဟာ ပြည်သူနစ်မွန်းသည်ထက် နစ်မွန်းလျှက်သာရှိနေပါတယ်။ ဘဏ်ပြဿနာမှာလည်း ငွေကြေးမူဝါဒ နားလည်သူတစ်ဦးက ဘဏ္ဍာရေးအခြေနေအရ ပြည်သူလူထုဟာ ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ် စတာတွေမှာ ငွေအပ်နှံမှုက နည်းပါးလာတယ်။ စစ်ကောင်စီဖက်က ဘဏ်တွေကို အပြစ်ရှာသလို၊ ဘဏ်တွေကလည်း ကိုယ်လွတ်ရုန်းကြဖို့ လုပ်တယ်။ အရင်လို ဝေစားမျှစားမတည့်တော့ စစ်ကောင်စီဟာ ဘဏ်တွေကို ဖိအားပေးတော့တာပဲ။ လူထုကတော့ အကုန်ခံရတာပေါ့လို့ ဆိုထားပါတယ်။
 
ဒီလိုအခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်‌ရှောက်မှု မ‌ပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်။ အပ်နှံမှုမရှိ ထုတ်ယူမှု‌သာ ရှိတဲ့အခါမှာ ဘဏ်‌တွေမှာကျပ်ငွေနည်းပါးပြီး ဗဟိုဘဏ်မှတစ်ဆင့် ငွေသားလှည့်ယူကာ ငွေသားလိုအပ်ချက်ပြည့်မီနိုင်ရေးအတွက် ဗဟိုဘဏ်က ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ်ဝေတဲ့အခါ ငွေကြေးဖောင်းပွ မှုများဖြစ်လာခဲ့ပါတယ်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က မင်းအောင်လှိုင်နှင့် ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံမှုမြင်ကွင်း။
ဇူလိုင် ၁၅ ရက်နေ့မှာလည်း ပုဂ္ဂလိက ဘဏ်တွေမှာ ငွေထုတ်ယူမှုအတွက် ငွေပမာဏ အနည်းဆုံး (၁၀) သိန်းမှ သိန်း(၂၀၀) ထိ တိုးမြှင့်ထုတ်ယူခွင့်ပေးသော်လည်း တစ်သောင်းတန်ငွေစက္ကူ အသစ်များကိုသာ ထုတ်ပေးကြောင်း အခြားငါးထောင်တန်၊ တစ်ထောင်တန်များ တောင်းခံသောအခါ မရှိသေးဘူးဆိုပြီး ပြောဆိုပါတယ်။ ဒီ‌လို လုပ်ရပ်ဟာ ငွေစက္ကူအသစ်များရိုက်နှိပ်ထုတ်ဝေမှုလုပ်တယ်ဆိုတဲ့ သက်သေပါပဲ။ ဘဏ်တစ်ခုဟာ ငွေထုတ်မရဘဲ ငွေကြေးအကြပ်အတည်းဖြစ်တယ်ဆိုရင် ဘဏ်ချန်ငွေ Capital Adequacy Ratio (CAR) နည်းတာကြောင့်ဖြစ်ပြီး အဲ့ဒီလို ချန်ငွေနည်းနေရဲ့သားနဲ့ ငွေကို ရက်အနည်းငယ်အတွင်း လိုသလို ထုတ်လို့ရပြီဆိုတာက ဗဟိုဘဏ်ကနေ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပေးပြီး ဖြေရှင်းလိုက်တာဖြစ်ပါတယ် ။
 
စစ်ကောင်စီလုပ်နေတဲ့ အကျိုးဆက်တွေကြောင့်ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ တစ်နိုင်ငံလုံးကို ဆိုးရွာစွာရိုက်ခတ်ပါလိမ့်မယ်။ ဆေးမြီတိုနည်းနဲ့ လတ်တလောဖြေရှင်းနည်းအဖြစ် ငွေလိုသလိုရိုက်ထုတ်ခြင်းကြောင့် ဇင်ဘာဗွေလို သီရိလင်္ကာလိုနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု အဆပေါင်းများစွာဖြစ်ခဲ့တာဟာ သာဓကအနေနဲ့ မြင်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ အာဏာရှင်ဆိုတာ ဘယ်မျက်နှာကို မထောက်ဘဲ ထင်ရာလုပ်ပြီး အာဏာသုံးအုပ်ချုပ်မှုတွေကြားမှာ ထုတ်ပြန်ချက်အမျိုးမျိုးနဲ့ ထုတ်ပြန်သလို၊ ဖြေရှင်းနည်းဟာလည်းလတ်တလောဆေးမြီးတိုနည်းနဲ့ပဲ ဖြေရှင်းနိုင်တာဟာ သူတို့ရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ အာဏာရှင် ရှိနေသမျှ ပြည်သူတွေ နစ်မွန်းသည်ထက် နစ်မွန်း‌နေမည်သာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
#RedNewsAgency
By Editor