အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။

အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုများ (၈) လကျော်ကြာတိုက်ခိုက် ဝန်းရံပိုက်ဆို့ထားသည့်အတွက် အင်းတော်မြို့ကို နောက်ဆုံးအချိန်ထိ ဂျပန်လှိုဏ်ဂူတွင် တပ်စွဲကာ ခုခံနေရသော် စစ်ကောင်စီအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ညပိုင်းက ဆုတ်ခွါထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးအင်အားစုများက မြို့ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

NUG၊ MOD၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု MOD ကထုတ်ပြန်ထားသည်။

 

မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း၊ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်းစသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor