“အင်အားမမျှတဲ့ ရန်သူကို နောက်ပြန်မဆုတ်ပဲ ခုခံသွားကြတာ။ တိုက်ပွဲက နာရီပိုင်းလောက်ပဲကြာလိုက်မယ်ထင်တယ် တဖက်ရန်သူက ဝိုင်းမိသွားပြီ ရဲဘော် ၈ ယောက် လုံး ထိခိုက်ဒဏ်ရာရကုန်တယ်”
Ernesto Ba Chan – တာမခံ (၁၂) ရက် အပိုင်း (၃) ဇာတ်သိမ်း။
အကြာကြီးသတိမလစ်သွားဘူး စက္ကန့်ပိုင်းပဲ မျှောသွားတယ်လို့ပြောရမလားပဲ တစ်ယောက်ယောက်က ခေါ်စရာမလို ကိုယ့်ဘာသာ သတိပြန်ပြန်လည်လာတယ် သတိပြန်လည်လာတိုင်း ငါမသေသေးဘူးပဲဆိုပြီး တွေးမိတယ်၊ ဖြစ်နိုင်ရင် ဆေးရုံရောက်မှပဲ သတိပြန်ရချင်တယ်
ကျနော်ဒါဆို မနာရတော့ဘူးပေါ့။
အဲ့အချိန် ကျနော် မော်ဖင်း တောင်းတယ် ဆေးဆရာတောင်မရှိတာ မော်ဖင်းဆိုပိုဝေးသေး။ တဖက်မျက်နှာစာမှာ ဆေးမှူး ရဲဘော်တွေက ဒဏ်ရာရတဲ့လူတွေကို ဆွဲထုတ်နေတာ ကျနော်တို့ဖက်မှာ ဆေးမှူးမပါလာဘူး။ ဒါကို ကျနော်သိတယ် လူက နာကျင်တဲ့ဒဏ်ကို မခံနိုင်တော့ ဖြစ်ချင်တာကို ထုတ်ပြောတော့တာ။
၉ နာရီလောက်ကျ ဆေးခန်းကိုရောက်ပြီ အဲ့အချိန် လူကသွေးထွက်လွန်ပြီး တည်လို့မရတော့ဘူး သေရင်လည်း သေတော့ ဆိုပြီး စိတ်ကိုလျှော့ထားတယ်။ သတိပြန်လည်လာတိုင်း ငါအသက်ရှင်နိုင်သေးတယ်လို့ တခါတွေးမိပြန်တယ်။ ကျနော်တို့ ၅ ယောက်ပေါ့ ဒဏ်ရာအပြင်းထန်နဲ့ ရောက်ခဲ့တာ။
ကျနော့်ကိုသွေးပေါင်တိုင်းလို့မရတော့ဘူးလို့ အော်လိုက်တဲ့ အသံကြားရတယ်၊ ကျနော့်တစ်ကိုယ်လုံးအေးစက်နေပြီ မျက်စိဖွင့်ကြည့်ပေမယ့် ဘာမှမမြင်ရတော့ဘူး။ ဆရာဝန်က အနာကိုသွေးတိတ်အောင်လုပ်၊ သွေးသွင်းပြီး ဆေးရုံကို လွှဲဖို့ ကားပေါ်တင်တယ်၊ လူက မျှောသွားလိုက်သတိပြန်လည်လိုက်ပေါ့ဗျာ။
ကားပေါ်ရောက်တော့ ကျနော်တွေးမိတာက ငါသေလို့မဖြစ်ဘူး အခုချိန်မှသေမယ်ဆို ငါရှုံးပြီ ငါတောင့်ခံထားရတာ၊ ငါအသက်ရှင်မှရမယ် ရှင်လည်း ရှင်မှာပါပေါ့။ တစ်လမ်းလုံး မျှောသွားလိုက် သတိပြန်လည်လာရင် ရောက်တော့ မလားမေးလိုက်နဲ့ ၁ နာရီလောက်မှ ဆေးရုံကိုရောက်တယ်။
ကုတင်ပေါ်ရောက်ရောက်ချင်းပဲ ဆရာကြီးကို “ကျနော်မခံနိုင်တော့ဘူး ဆရာကြီး ခွဲပေးပါတော့” လို့ပြောလိုက်တယ်။ ကုတင်ပေါ်မှာတင် ကျနော့်ကို chest tube တပ်ပေးတယ်၊ အောက်စီဂျင်ပေးတယ် Drip ချိတ်ဖို့ အပ်ထိုးနေတာကိုတောင် မခံစားမိတော့ဘူး သွေးတွေဘာတွေသွင်းပြီးတော့ ကျနော်အိပ်ပျော်သွားတယ်။
မနက် ၅ နာရီလောက်ကျ နားထဲမှာ ပေါက်ကွဲသံကြီးကြားရပြီး လူက မြောက်တက်သွားသလိုပဲ ပြီးတော့ တစ်ကိုယ်လုံးနာပြီး ကျနော်နိုးလာတယ်။ ညအစောပိုင်းထိခဲ့ အထဲက ကျနော့်ညီကိုတွေဟာ ဆေးရုံထိပါမလာကြတော့ဘူး တိုက်ပွဲဧရိယာနဲ့ မလှမ်းမကမ်းက အစောဆုံးကျနော်တို့ ရောက်ခဲ့တဲ့ ဆေးခန်းမှာတင် သူတို့ ငြိမ်သက်စွာ ကျန်ရစ်ခဲ့ကြပြီ။
ဆေးရုံမှာ လူနာတွေကို စောင့်ရှောက်ပေးတဲ့ အမေကြီးက ကျနော့်နားရောက်လာတယ် ကျနော်နာတာမခံနိုင်တော့ဘူး ကျနော့်ကိုပစ်သတ်ပေးလိုက်ကြပါတော့ ဆိုပြီး ပြောမိတော့တာပဲ၊ သေလောက်အောင်နာတယ်ဆိုတာမျိုးပေါ့။ နောက်အတော်ကြာတော့ ဆရာမတွေရောက်ပြီး ဆေးထိုးပေးလိုက်တော့ သက်သာသွားတယ်။
၃.၃.၂၀၂၄ – မနက် ၈ နာရီလောက်ကျ နိုးလာတယ် စကားတွေဘာတွေပြောတယ် အသံတော့ကောင်းကောင်းမထွက်နိုင်သေးဘူး။ အဆုတ်လည်းထိခိုက်ထားတယ်၊ ဆရာကြီးလည်းရောက်လာတယ် ကျနော်ကိုကြည့်ပြီး “ဒီအနေထားဆိုရင်တော့ မင်းမသေတော့ပါဘူး ညက မင်းကသေတော့မှာ ခုလိုဆိုရင်တော့ အသက်အန္တရာယ်မရှိတော့ပါဘူး”။
ကျနော့်ဒဏ်ရာကို သေချာစစ်ဆေးဖို့လုပ်တယ်၊ ကုတင်ပေါ်ကနေ ကျနော့်ကို ဝိုင်းထူပေးကြတယ် ကျနော်က ခေါင်းတောင်မကြွနိုင်တော့ဘူး။ ကပ်ထားတဲ့ ပတ်တီးတွေ ပလာစတာတွေခွာလိုက်တဲ့အခါ အသက်ရှူလိုက်တိုင်း ကျောကုန်းကနေ လေတွေထွက်နေတာ သတိထားမိတယ်။ ကျနော်ကောင်းကောင်းလှုပ်ရှားနိုင်တာဆိုလို့ ညာဖက်လက်တစ်ဖက်ပဲရှိတော့တယ်၊ ရင်ဘတ်ကနေ ခြေထောက်အထိလည်း ခံစားမှုမရှိတော့ဘူး။
ဆေးရုံ အပြင်ဖက်မှာ ကားတစ်စီးရောက်လာတယ် ကားပေါ်မှာတော့ ကျနော်တို့ ရဲဘော်တွေရဲ့ DB တွေတဲ့ ကာကင်းပေါက်သွားပြီ တိုက်ပွဲအရှိန်ပိုမြင့်လာပြီ ရွာလည်း မီးရှို့တာကြောင့် တော်တော်လောင်ကုန်ပြီ တဲ့။ အခု သယ်လာတဲ့ ရဲဘော်တွေက “စစ်ကူလာတဲ့ စစ်ကြောင်း ရွာထဲမဝင်နိုင်အောင် ခုခံရင်း ၈ ယောက်လုံး ကျသွားကြတာ”၊ ကျနော့်ကုတင်းဘေးကနေ အခြေနေကိုပြောပြနေရင်း အသံတိမ်ဝင်သွားတယ်။
အဲ့ကားပေါ်မှာ ကျနော့်ငယ်သူငယ်ချင်းရဲ့ DB ပါခဲ့တယ်ဆိုတာ နောက် တစ်လကျော်လောက်မှသိရတယ်။ အဲ့ညက သူ ကျနော့်ကို ဆေးခန်းလိုက်ပို့ရင်း အပြန်မှာ ကျနော်တို့ တပ်စိတ်နေရာယူထားတဲ့ဆီကို မပြန်ဖြစ်ပဲ ဖြတ်တောက်ရေး သွားရမယ့် တပ်စိတ်မှာ လူလိုလို့ သူလိုက်သွားခဲ့တာ။ အဲ့ညက ကျနော့်ကိုဆေးခန်းလိုက်ပို့ခဲ့တာက သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ခဲ့တာပေါ့၊ သူတို့ ဘယ်လို ကျဆုံးခဲ့ရတယ်ဆိုတာ ပြန်လွတ်မြောက်လာတဲ့ ရဲဘော်တစ်ယောက်က အခုလိုပြောပြတယ်။
3.3.2024- မနက် ၄ နာရီလောက်မှာ စစ်တပ်က စစ်ကူလာတဲ့စစ်ကြောင်းနဲ့ ဖြတ်တောက်ရေးသွားတဲ့ တပ်စိတ်တို့ ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့ရဲဘော်တွေ အထက်စီးကနေ နေရာယူပြီး ခံပစ်ကြတယ်၊ ဒီစစ်ကြောင်းကို မကာနိုင်ရင် ရွာကိုမီးရှို့မယ်ဆိုတာ ရှေ့ရှေ့ တိုက်ပွဲအတွေ့အကြုံတွေနိုင်ငံတဝှမ်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကနေ သိခဲ့ပြီးသား။
အဲ့ဒါကြောင့်ပဲ အင်အားမမျှတဲ့ ရန်သူကို နောက်ပြန်မဆုတ်ပဲ ခုခံသွားကြတာ။ တိုက်ပွဲက နာရီပိုင်းလောက်ပဲကြာလိုက်မယ်ထင်တယ် တဖက်ရန်သူက ဝိုင်းမိသွားပြီ ရဲဘော် ၈ ယောက် လုံး ထိခိုက်ဒဏ်ရာရကုန်တယ်။ ဒဏ်ရာရနေတဲ့ ရဲဘော်တွေကို လည်ပင်းကို ဓားနဲ့ထိုးသတ်တယ် တချို့ကို ခေါင်းကို ထုသတ်သွားခဲ့တယ်။
ကာကင်းပေါက်လာပြီး စကစ စစ်ကြောင်းက တာမခန်ရွာထဲ ရောက်လာတယ်၊ ရွာလယ်လမ်းတိုင်း မီးစရှို့တော့တာပဲ သူတို့တင်မဟုတ်ဘူး ရွာထဲမှာ ဖိုးသမားတွေကိုပါ ပိုက်ဆံပေးပြီးရှို့ခိုင်းတယ်။ စခန်းကုန်းကို တိုက်နေတဲ့ ကျနော်တို့ အဖွဲ့တွေက မီးရှို့နေတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ drop bomb လိုက်ကြဲတော့ သေတဲ့လူသေ ပြေးတဲ့လူပြေးနဲ့ သူတို့ကစဉ့်ကလျား ဖြစ်ကုန်တယ် ဘုန်းကြီးကျောင်းထဲကို ဝင်သွားကြတယ် ရွာကလည်း ဖိုးသမားတွေ မီးလိုက်ရှို့တာနဲ့ အတော်လောင်နေပြီ။
စခန်းကုန်းမှာ ဝိုင်းထားတဲ့ အထဲက တချို့ကိုချန်ထားခဲ့ပြီး ရွာထဲကို ကျနော်တို့အဖွဲ့တွေ ဆင်းချလာတယ်၊ ဘုန်းကြီးကျောင်းကိုအပြင်ကနေ ပတ်ပတ်လည်ဝိုင်းလိုက်ကြပြီး သူတပြန်ကိုယ်တပြန်ပစ်ကြတော့တာပဲ၊ ပစ်တဲ့အဖွဲ့တွေကပစ် မီးရှို့တဲ့ဖိုးသမားတွေ လိုက်ဖမ်းတဲ့အဖွဲ့ကဖမ်းပေါ့။ နောက် လေယာဉ်လာပစ်တယ် စာသင်ကျောင်းထဲကိုကျတယ််၊ စာသင် ကျောင်းလည်း မီးလောင်တယ်။ ရွာထဲကို ကျတာတွေလည်းရှိတယ်
၃.၃.၂၄ တရက်လုံးနဲ့ ၄.၃.၂၄ နေ့လည်လောက်ထိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ပြီး စကစ စစ်ကြောင်းကိုခြေမှုန်းနိုင်လိုက်တယ်။
ရှင်းလင်းရေး လုပ်တဲ့အချိန် ရွာထဲနေရာပေါင်းစုံက ရလာတဲ့ စကစ အလောင်းတွေ ဘုန်းကြီးကျောင်းကနေ ရတဲ့အလောင်းတွေ တစ်ယောက်မှ လူရုပ်မပေါက်တော့။ နောက်ဆုံး သူတို့ ကိုင်တဲ့ သေနတ်တွေတောင် ကျည်တွေမှန်ထားတယ် တချို့ဆို မီးလောင်ထားတယ် ပြည်သူလူထုနဲ့ မပူးပေါင်းခဲ့တဲ့ သူတွေအတွက် နောက်ဆုံးသွားရာ လမ်းပေါ့။
ရွာကတော့ အိမ်ခြေတော်တော်များများ ပျက်စီးကုန်ပြီ အင်အား ၆၀ ပါတဲ့ စစ်ကြောင်းတစ်ကြောင်းလုံးကို သုတ်သင်ပြီးပြီမို့ ကျန်နေသေးတဲ့ စခန်းကုန်းကို တခါပြန်တိုက်ဖို့ဖြစ်လာတယ်။ အခုတစ်ခါမှာတော့ တက်လုံးတာမျိုးမလုပ်တော့ပဲ အပြင်ကနေ လက်နက်ငယ်တွေ ၄၀ တွေနဲ့ပဲ အချိန်ပြည့်လိုလို ပစ်ခတ်ဖိအားပေးနေခဲ့ကြပါတယ် တစ်ရက်ပြီး တစ်ရက်ပေါ့။
တာမခန် ဖားကန့် လမ်းမှာရှိတဲ့ ကသိုဏ်းတောင် စခန်းကိုလည်း တိုက်ပွဲ စဖြစ်တဲ့ ရက်ကတည်းက ဝိုင်းထားတယ်၊ တခါတခါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တာမျိုးရှိတယ်။ ၉.၃.၂၀၂၄- (၁၂) ရက်မြောက်တဲ့ညမှာ စစ်ကြောင်းတစ်ကြောင်းလုံးရှိသမျှ အင်အားအကုန်လုံးနဲ့ အလစ်ငိုက်မှာ တက်လုံးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ အကုန်လုံးလည်း အသင့်ပြင်ထားကြပြီ။
ဘာတွေပဲဖြစ်လာဖြစ်လာ အကောင်းဆုံးရင်ဆိုင်ကြမယ်ပေါ့၊ ဒီလိုလုပ်တာက နှစ်ဖက်လုံးကို အထိခိုက်အကျဆုံးများစွာဖြစ်သွားစေမှာသေချာပါတယ်။ တက်လုံးရတော့မယ့်အချိန်ကိုစောင့်နေရင်း ည ၁၀ နာရီ လောက်မှာ ဗိုလ်မှူး သက်ပိုင်ထွန်း ဦးဆောင်တဲ့ ခမရ (၁၁၉) တပ်ဖွဲ့တွေ တာမခန်စခန်းကို စွန့်ခွါထွက်ပြေးသွားပါတယ်။ ၁၂ ရက်တာကြာရှည်ခဲ့တဲ့ တာမခန်တိုက်ပွဲဟာ ၉.၃.၂၀၂၄ ညမှာ စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အဆုံးသတ်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ရဲဘော် ၂၁ ယောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ တာမခံ ကျသွားပြီဖြစ်လို့ နောက်ရက်မှာ ကသိုဏ်းတောင် စခန်းပါ ထပ်မံဆုတ်ခွါသွားတဲ့အတွက် ကသိုဏ်းတောင်စခန်းကိုပါထပ်ရပါတယ်။ အဲ့ဒီက ဆုတ်ခွာလာတဲ့ စစ်ကြောင်းတွေကို ကြားကနေ တခါဖြတ်တိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
မြန်မာပြည်အနှံ့ပြားမှာ တော်လှန်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ ၁၂ ရက်တာကြာမြင့်တဲ့ တာမခန် တိုက်ပွဲဟာလည်း တော်လှန်တိုက်ပွဲတွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ နောက်မျိုးဆက်တွေအထိမှတ်မိနေမယ့် သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ (၂၈.၉.၂၀၂၄ မနက် – ၅:၀၀)။ ။
တာမခံ (၁၂) ရက် အပိုင်း(၁) ဖတ်ရန်
တာမခံ (၁၂) ရက် အပိုင်း(၂) ဖတ်ရန်
#RedNewsAgency #RNA