ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

Written by

in

RNA_ဖားကန့်၊ မေ (၇)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရင်ရင်ကိတ်မုန့်ဆိုင်ရှေ့၌ ယမန်နေ့ည (၇) နာရီခန့်က စရဖ ဒုတပ်ကြပ် တစ်ဦး လက်ထိပ်ခတ်ခံရလျက်အနေအထားဖြင့် ပစ်သတ်ခံထားရသည်။
ပစ်သတ်ခံရသူ (အမည်မသိရှိရသေး) စရဖ ဒုတပ်ကြပ်၏ ဘေးတွင် ‌ဆိုင်ကယ်တစ်စီးလဲနေသည်ကို တွေ့ရပြီး၊ စရဖ ဒုတပ်ကြပ်အား KIA/KPDF ရဲဘော်များက ဖမ်းဆီးထားစဉ် ကိတ်မုန့်ဆိုင်ထဲဝင်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
“မစ်ရှင်ဖော်တဲ့ ကလေးတွေနဲ့တော့ အဆက်အသွယ်မရသေးပါဘူး၊ အဲ့တာကြောင့် နာမည်မသိရသေးဘူး၊ စရဖ ဒုတပ်ကြပ် မှန်ပါတယ်၊ ဖမ်းဆီးထားစဉ် ထွက်ပြေးလို့ ပစ်တယ်လို့လည်း သတင်းရထားပါတယ်”ဟု KPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ ၂၄ ရက်နေ့ နေ့ခင်း (၃)နာရီခန့်ကလည်း ရဲသတင်းပေးဆောင်ရွက်သူ အရန်မီးသတ်ဝန်ထမ်း တစ်ဦးဖြစ်သူ ကျော်ဖြိုးသန့် အသက် (၃၀) ခန့်အား ဖမ်းဆီးလာချိန် ဖားကန့်မြို့၊ ရဲစခန်းအနီး၊ မှော်ဝမ်းလမ်းဆုံ၊ ထွန်းတောက် ဆိုင်ကယ်ပြင်ဆိုင်အနီးတွင် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။