Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • ဒဏ်ရာအပြင်းအထန်ရထားသည့် PDF သူရဲကောင်း ကိုမှိုင်း ကျဆုံး

    ဒဏ်ရာအပြင်းအထန်ရထားသည့် PDF သူရဲကောင်း ကိုမှိုင်း ကျဆုံး

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    PDF သူရဲကောင်း ကိုမှိုင်း

    မြဝတီမြို့တောင်ဘက် ထီးမယ်ဝါးခီး ကျေးရွာအနီး ယနေ့ ညနေပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုတို့ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသည့် ကိုမှိုင်း ယနေ့ညမှာ ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုအောင်မျိုးဇင်

    ထီးမယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုအောင်မျိုးဇင်၊ ကိုဝေလင်း၊ ကိုရဲထက်၊ ကိုမှိုင်းတို့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုရဲထက်

    လေးကေကော်အနီးက ထီးမယ်ဝါးခီးကျေးရွာအတွက် လက်နက်ကြီး ပစ်ခဲ့သလို အနီးဝန်းကျင်က ထောက်ပို့တပ်စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်း၊ ကုန်းကြောင်း ပါအဝင် လက်နက်ကြီး ပစ်ကူယူကာ ဝင်သိမ်းရန် လုပ်ဆောင်ခဲ့ကြောင်း၊ KNLA နှင့် PDF တို့ ခုခံ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုဝေလင်း

    Red News Agency

  • စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်လောက် စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်း ထဲကနေ တဦးတည်း ခံပစ်ယင်း PDF သူရဲကောင်း ကိုဝေလင်း ယနေ့ ကျဆုံးသွားကြောင်း သိရသည်။

    ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်း မကျဆုံးမီ ဒီဇင်ဘာလ (၅) ရက်နေ့က ” တောင်တန်း ပြည်မ စည်းလုံးအားနဲ့ ကြွေးဟောင်း ကြွေးသစ် ပြန်ယူရမယ်၊ သခင်သွေးများ ရဲရဲနီဖို့ အချိန်တန်ပြီ ” ဟု လူ့မှုကွန်ယက်မှာ ရေးသားခဲ့သည်။

    PDF သူရဲကောင်း ကိုဝေလင်းသည် ဧရာဝတီတိုင်းမှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ဝါးခီးကျေးရွာအနီးက တပ်စခန်းတခုကို ရောက်ရှိနေသူဖြစ်ကြောင်း၊ ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စခန်းသိမ်းရန် စစ်ကြောင်းတက်လာပြီး အဝေးကနေ လက်နက်ကြီးများနှင့် ပစ်ခတ်သလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ အင်အားအများအပြား ထိုးစစ်ဆင်မှုတို့ကြောင့် KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း အသေ အပျောက်များကြောင်း၊ မယ်ဝါးခီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယနေ့ မယ်ဝါးခီးအနီး စခန်းတခုတိုက်ပွဲတွင် PDF ကျဆုံး သူရဲကောင်းများရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    Red News Agency

  • မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အဆက်မပြတ်ပစ်ခတ်နေသည့် လက်နက်ကြီး‌ထိမှန်ကာ သာပေါင်းမြို့က ကိုအောင်မျိုးဇင် ပါအဝင် အနည်းဆုံး PDF (၄) ဦး မယ်ဝါးခီး တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ယနေ့ ကျဆုံးသွားခဲ့ရပြီး၊ အဖမ်းခံရသူများရှိပြီး၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်နှင့် မျက်နှာချင်းဆိုင်နီးပါးရှိသည့် မယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်နေပြီး၊ လက်နက်ကြီးများနှင့် အဆက်မပျက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

    KNU ထိန်းချုပ်နယ်မြေ မယ်ဝါးခီးတွင်ရှိသည့် ဒေသခံပြည်သူများ တိုက်ပွဲအတွင်း ပိတ်မိနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ KNLA တပ်ရင်း (၂၇) နှင့် PDF တို့က စစ်ကောင်စီတပ် ခြေလျင်အဖွဲ့ကို ခုခံပစ်ခတ်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)

  • ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။

    နေအိမ်များကို မီးရှို့ထားသည့် မြင်ကွင်း

    ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့သွားကြောင်း သိရသည်။

    နေအိမ်အတွင်း မီးရှို့အသတ်ခံထားရသူ

    စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ရှောင်တိမ်းခဲ့ကြရပြီး PDF များဆုတ်ပေးချိန် ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများကို သတ်၊ နေအိမ်နှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

    သေနတ်ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး နေရာတွင် သေဆုံးနေသည့် အမျိုးသမီး
    ကားများကို မီးရှို့ထားသည့်မြင်ကွင်း

    ဓာတ်ပုံ : ဒေသခံ

    Red News Agency

  • မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

    မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောက်လှိုင်နှင့် တွေ့ဆုံးစဉ် မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းမှု ရရှိစေရန် နားလည်ခွင့်လွှတ်မှုတို့ဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အထူးအားပေးကြောင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုကပြောကြားခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မင်းအောင်လှိုင်နှင့်အဖွဲ့သည် လုံခြုံရေး အထပ်ထပ်ချကာ စိန့်မေရီဘုရားကျောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြန်မာပြည်၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

    ” ခရစ်စမတ် အခါတော်ရက်မြတ်တွင် စုဝေး၍ မိတ်သ ဟာယပြုနေကြသော ကျွန်ုပ်တို့အားလုံးသည် မိမိတို့နှင့်ဆိုင်ရာ နယ်ပယ်အသီးသီးမှနေ၍ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းမှု၊ စည်းလုံးတိုက်တက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ၊ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးပါသည်။ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်” ဟု ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

    မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုနှင့် တွေ့ဆုံမှုအပြီး ညပိုင်းတွင် လေးလေ့ကော်ကို လေကြောင်းအသုံးပြီး ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လိုက်သည်။

    Red News Agency

  • နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။

    Photo: CJ

    Red News Agency

  • ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

    ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

    RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ များသော်လည်း ယနေ့ နံနက်အထိ အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

    ဒီဇင်ဘာလ ၂၃ ရက် မြေ‌‌စာပုံပြိုကျခဲ့သည့် စိန်စိန်လုပ်ကွက်ထိပ် ရေကန်

    ” ပျောက်ဆုံးတာကတော့ များတယ် (၅၀) ကျော်ရှိတယ်လို့ ခန့်မှန်းပေါ့၊ အလောင်းက မနေ့က တလောင်း အခုမနက်တလောင်း ဒါပဲရှာတွေ့သေးတယ်၊ မနေ့ကတွေ့တဲ့အလောင်းက ကိုမျိုး ခွန်ဆာကုန်းကပေါ့” ဟု RNA သတင်းရင်းမြစ်က ပြောသည်။

    ဒီဇင်ဘာလ ၂၃ ရက် မြေ‌‌စာပုံပြိုကျခဲ့သည့် စိန်စိန်လုပ်ကွက်ထိပ် ရေကန်

    စိန်စိန်လုပ်ကွက်အနီးက မြေစာပုံသည့် ရေကန်သည် အမြင့် ပေ ၂၀၀၊ အလျား ပေ ၂၀၀၀ ၊ အနံ ပေ ၃၀၀ ဝန်းကျင်ရှိပြီး ဒီဇင်ဘာလ ၂၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြိုကျခဲ့ခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာဖွေသူ (၅၀) ကျော်ပျောက်ဆုံးနေပြီး အလောင်းများ မြေကြီးအောက်ပိနေပြီး ပုပ်မှသာပေါ်လာနိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၂၃ ရက် မြေ‌‌စာပုံပြိုကျခဲ့သည့် စိန်စိန်လုပ်ကွက်ထိပ် ရေကန်

    ဖားကန့်မြို့နယ်တွင် ရေမဆေးကျောက်ရှာဖွေသူများ နှစ်စဉ်မြေစာပုံပြိုကျမှုကြောင့် သေဆုံးမှုများရှိနေပြီး၊ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ(ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီ)၌ ကျင်းကမ်းပါး မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ၁၆၉ ဦးသေဆုံးခဲ့ပြီး ၄၃ ဦးဒဏ်ရာရရှိခဲ့ကြသည်။

    Red News Agency

  • စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

    စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

    RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ၁၈ မြို့နယ်က အရပ်သားပြည်သူများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

    စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထန်တလန်၊ ဆော၊ ရေဦး၊ ကနီ၊ ဒီပဲယင်း စသည့် (၁၈) မြို့နယ်တို့ကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အကျအဆုံးများနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တွင် လေကြောင်းအသုံးပြုလာနိုင်သည့်အတွက် No FLY Zone အဖြစ် ကုလသမဂ္ဂက အစည်းအဝေးခေါ်ပြီး အရေးပေါ်သတ်မှတ်ပေးရန် KNU က တောင်းဆိုထားသည်။

    (more…)

  • ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

    ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

    RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) တွင် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ဝန်းကျင်းက ရေကန်အတွင်း မြေစာပုံပြိုကျကာ ရေမဆေးကျော်ရှာဖွေသူ (၅၀) ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

    ဓာတ်ပုံ- ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ မြေစာပုံပြိုကျမှုဖြစ်စဉ် မြင်ကွင်း။

    ” အခု ၉ နာရီ မထိုးခင်လေးမှ ရှာဖွေမှုလုပ်ကြမှာ ‌အစောပိုင်းက လှေလေးနဲ့ ရှာနေရတာ တလောင်းမှမတွေ့သေးဘူး အခုတော့ ရေငုပ်ရှာကျမှာ ရေကန်ကကျယ်တယ်၊ ‌ပျောက်နေတဲ့သူတွေ သေဖို့များတယ်၊ ဈေးဆိုင် ၂ ဆိုင်က အမျိုးသမီး ၂ ဦးလဲ ပါသွားတယ်ကြားတယ်၊ ဘေးအနားက လူတွေပြောပုံက ၅၀ ဝန်းကျင်လောက်ပါသွားတယ်ပြောကြတယ်၊ တိတိကျကျကတော့ ပြောဖို့ခက်တယ်” ဟု မြေစာပုံပြိုကျမှုအနီးရောက်ရှိနေသူ တဦးက ပြောသည်။

    ဓာတ်ပုံ- ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ မြေစာပုံပြိုကျမှုဖြစ်စဉ် မြင်ကွင်း။

    စိန်စိန်လုပ်ကွက်အနီးက မြေစာပုံပြိုကျသည့် ရေကန်သည် အမြင့် ပေ ၂၀၀၊ အလျား ပေ ၂၀၀၀ ၊ အနံ ပေ ၃၀၀ ဝန်းကျင်ရှိပြီး ကန်ထိပ်က မြေစာပုံ ပြိုကျခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအားလုံး စက်ယန္တရားများဖြင့် ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ တရားမဝင် ရတနာ တူးဖော်နေကြခြင်းဖြစ်ကြောင်း၊ ရတနာကုမ္ပဏီအားလုံး ဒေသအာဏာပိုင်နှင့်ပေါင်းပြီး တရားမလုပ်လုပ်ဆောင်နေကြောင်း၊ ၂၀၂၀ ခုနှစ် ဩဂုတ်လမှစပြီး လုပ်ငန်းလိုင်စင်အားလုံး ရပ်ထားကြောင်း၊ လိုင်စင်များ ပြန်ချကာနီး အာဏာသိမ်းခံရပြီး ယနေ့အထိ စစ်ကောင်စီက တရားဝင်ချထားမှု မရှိကြောင်း သိရသည်။

    ရေမဆေးကျောက်ရှာဖွေသူများသည် ယခုအချိန် စက်ယန္တရားများဖြင့် ညပိုင်းခိုးလုပ်နေမှုသာရှိသည့်အတွက် အများစုမှာ ညပိုင်းသာရှာကြကြောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆိပ်မူအုပ်စု၊ ဆိုက်းဂျာဘွမ် ကျေးရွာအနီး မြေစာပုံပြိုကျမှုတွင် ကုမ္ပဏီဝန်ထမ်း ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး သေဆုံးခဲ့သည်။

    ဓာတ်ပုံ- ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ မြေစာပုံပြိုကျမှုဖြစ်စဉ် မြင်ကွင်း။

    ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ(ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီ)၌ ကျင်းကမ်းပါး မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ၁၆၉ ဦးသေဆုံးခဲ့ပြီး ၄၃ ဦးဒဏ်ရာရရှိခဲ့ကြသည်။

    Red News Agency