ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

” စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ပြန်လည်တူးဖော်တွေ့ရှိချက်အတိုင်း ပြောရရင် လူမဆန်စွာ နှိပ်စက်ပြီး သတ်ဖြတ်ကြောင်း တွေ့ရတယ်။ စခတွေကောင်းကြောင်းပြောပြီး စခနှင့်အတူပြန်နေဖို့ ပြောတဲ့သူတွေ ဘယ်လိုတာဝန်ယူမလဲ” ဟု ဒေသခံ ရဲဘော်တဦးက ပြောကြားထားသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးကျေးရွာနှင့် ဆောင်ဒူရွာသစ်အနီး စက်တင်ဘာလ (၁၄) ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် Karenni Nationalities Defense Force – KNDF/ BO6 တပ်ဖွဲ့နှင့် နှစ်နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အဆမတန်ပစ်ခတ်သည့်အတွက် KNDF/ BO6 ရဲဘော်များ ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း၊ အနီးအနားကျေးရွာများအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖျက်ဆီးကာ ပြည်သူ (၂) ဦးကို သတ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဇုံသတ်မှတ်ထားသည့်နေရာများတွင် ဒေသခံပြည်သူများ သွားလာနေထိုင်မှုမပြုလုပ်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာထားကြောင်း၊ ကရင်နီပြည်တွင် စစ်ကောင်စီတပ်တပ် ဒေသကာကွယ်ရေး မဟာမိတ်တပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်။

Red News Agency

By Editor