ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် – AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိစခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့လျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ရန်သူသည် ၎င်းတို့၏ နယ်စပ်ရှိ စခန်း မြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်သည်” ဟု AA ၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယနေ့ နေ့လည် (၁) နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏ တောင်ဘက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရန်သူသည် ဂျက်တိုက်လေ ယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) စီးဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ရန်သူ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် (၃) စီးမှ ဗုံး၊ ရော့ကတ် (၁၁) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက် လျှောက်မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက်အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ကြောင်း၊မီးဝဗျူဟာ အား လက်နက်ကြီးများဖြင့် AA ရဲဘော်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ် စခန်းများကို ပိတ်ဆို့ထားသည့် AA စစ်ကြောင်းများကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရရအောင် အသည်းအသန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကြားမှ မြန်မာစစ်တပ် အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ်ရာရလူနာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များသည် ရန်သူအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။

Red News Agency

By Editor