စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

“စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ”

မောင်ဝိ

ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။

တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။

တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန် သိသာစေတဲ့ အရာတွေ ရှိပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီအခြေစိုက်ထားတဲ့ လေတပ်တွေက ၁၅ တပ်နဲ့ အထက်မှာ ရှိပါတယ်။ အနီးစပ်ဆုံးဆိုရင် စစ်ကိုင်းတိုင်းထဲမှာကိုပဲ ဟုမ္မလင်း လေတပ်ဆိုတာရှိတယ်။

ဟုမ္မလင်းလေတပ်မှာဆိုရင် Bell-206 ရဟတ်ယာဥ် ၆ စီးလောက်ရှိတယ်။ ဒါကိုပဲ သူ့တပ်ဖွဲ့တွေ အကျအရှုံးများနေတဲ့အချိန် ပစ်ကူလာမပေးနိုင်တာပါ။ ဆက်ပြောရရင် မင်းရွာရဲစခန်းထက် ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေ၊ စစ်တပ်စခန်းကုန်းတွေကို လေတပ်က ဦးစားပေးနေရတဲ့ အခြေအနေဖြစ်နေတယ်။ ပြောရရင် တနိုင်ငံလုံး စစ်မျက်နှာ များလာတဲ့အချိန် ဗျာများလာတဲ့ လေတပ်အခြေအနေပါ။


နောက်ထပ်မြင်မိတာက နောက်တန်းကနေ စစ်ရေးအခြေအနေတွေကို ဖုန်းဆက်မေးနေတဲ့ ရဲမှူးကိုယ်တိုင်က တကယ်ရော သူ့တပ်တွေကို စိုးရိမ်စိတ်နဲ့ လေယာဥ်ပစ်ကူတောင်းပေးရဲ့လားဆိုတာ မေးစရာပါ။ လက်ရှိ စစ်ကောင်စီရဲ့ စစ်ဆင်ရေးအားလုံးကို ကကကြည်းက အဓိက ကိုင်တွယ်တာ ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင် မြေပြင်တပ်တွေက မနိုင်တော့လို့ လေကြောင်းပစ်ကူတောင်းမယ်ဆိုရင် ကက(ကြည်း)ကို အရင်သတင်းပို့ရပါတယ်။ အဲ့ဒီက တဆင့် ကက(ကြည်း)မှ ကက(လေ)ကို ဘယ်နေရာ ဘယ်ဒေသကို ဘယ်အချိန် တိုက်ပါဆိုပြီး ညွှန်ကြားခြင်းဖြစ်တယ်။

လက်ရှိ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်က​နေ အပြီးသတ်သိမ်းပိုက်ရချိန်ထိ နာရီအတော်ကြာမြှင့်ပါတယ်။ ဒီအချိန်တွေ ထိတိုင် စစ်တပ်က စစ်ကူ၊ လေယာဥ်ပစ်ကူမပေးနိုင်ခဲ့တာပါ။

ဒီတော့ လက်ရှိတိုက်ပွဲကို အရှိအတိုင်းပြောပါဆိုရင် စစ်တပ်က နေရာအနှံ့အတော်ပွဲပျက်နေပြီလို့ ဆိုချင်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တစ်နိုင်ငံလုံး ခုခံတော်လှန်မှု တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။ ဒါအပြင် စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ မြို့ကြီး တချို့ကိုပါ ထိန်းချုပ်မှုတွေပြုလုပ်လာနိုင်ခဲ့တယ်။

အဲ့ဒီလို အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်း အဝေးခေါ်ယူခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားခဲ့တယ်။ စစ်ခေါင်းဆောင် ဦးဆောင်တဲ့ ကာလုံအစည်းအဝေးကို ရုပ်​သေးယာယီသမ္မတဆိုသူ မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး၊ လက်ရှိကြုံနေရတဲ့ စစ်ရေးအခြေအနေတွေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့တယ်လို့ သိရတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့အချိန် မင်းအောင်လှိုင်အပါအဝင် အပေါင်းအပါတွေရဲ့ မျက်နှာမသာယာတဲ့ပုံရိပ်တွေလည်း မြင်တွေ့ရတယ်။

ပုံမှန်အခြေအနေဆိုရင် စစ်ခေါင်းဆောင်က သူအာဏာသက်တမ်းထက်တိုးဖို့ ၆ လတကြိမ် (ကာလုံ) အစည်းအဝေးခေါ်လေ့ ရှိပါတယ်။ အခုအခြေအနေက စစ်ခေါင်းဆောင်အနေနဲ့ အတော် အထိတ်တလန့်ရှိနေတဲ့ အနေအထားမျိုးတွေ ဖြစ်လာလို့ ချက်ချင်း အစည်းအဝေးခေါ်ရတဲ့အနေအထားပဲ ဖြစ်တယ်။ အခု စစ်တပ်ကရင် ဆိုင်နေရတဲ့ စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှ မကြုံဖူးတဲ့ နိုင်ငံအနှံ့ စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေကို သိသာစေပါတယ်။

အခုလက်ရှိ ရှမ်းမြောက်က တိုက်ပွဲတွေကို စိုးဝင်းကိုယ်တိုင် ကွပ်ကဲနေတယ်လို့ သိရတယ်။ စစ်တပ်ဘက်ကလည်း သူ့တပ်အင်အားကိုပြန်လည် စုစည်းဖို့ကြိုးစားတာ၊ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာတွေရှိပါတယ်။ စစ်တပ်အနေနဲ့ ခြေလျင်တပ်၊ အမြောက်၊ တင့်၊ သံချပ်ကာ၊ လေတပ်တွေအပြင် ရေတပ်တွေကိုပါ သယ်ယူရေးတွေမှာ အသုံးပြုထားပါသေးတယ်။ စစ်တပ်ကမသုံးရသေးတဲ့လက်နက်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးက လက်ရှိမှာ ၁၀ ရက်ပင်ကျော်လာခဲ့ပါပြီ။ အခုချိန်ထိ စစ်တပ်ဘက်က ဖြစ်ဖြစ်မြောက်မြောက် ပြန်လုပ်ပြနိုင်တာမရှိသေးပါဘူး။ ဒါကမြေပြင်တိုက်ပွဲတွေရဲ့ ပကတိ အခြေအနေမှန်ပါ။

လက်ရှိတော်လှန်ရေးဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း နိုင်ငံအဝန်းက တော်လှန်ပြည်သူတွေဟာ ဒီမိုကရေစီဆိုတဲ့အရသာနဲ့ လွတ်လပ်မှုကို ငတ်မွှတ်နေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ဒါ့ကြောင့် အခုချိန်မှာ​တော့ အဆုံးသတ်တိုက်ပွဲနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တစထက်တစ အရှိန်မြှင့်လာနိုင်ခဲ့ပါပြီ။ ဒီတော့ အောက်ခြေက စစ်သည်တွေ အနေနဲ့လည်း စဥ်းစားသင့်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအနေနဲ့ လက်ရှိမှာ ဇနီးဖြစ်သူက နောက်တန်းမှာ သေနတ်ကိုင် ကင်းစောင့်နေရတယ်၊ ကိုယ်တိုင်ကလည်း ရှေ့တန်းမှာ နေ့လားညလားမသိ ဝင်တိုက်ခံရမယ့် အခြေအနေတွေ ဖြစ်နေတယ်။ ရှေ့မှာလည်း မိမိရဲဘော်ရဲဘက်တွေ သေလုဆဲဆဲအခြေအနေမှာ လေယာဥ်ပစ်ကူတောင်လာမပေးနိုင်ပဲ အသက်ပေးရတဲ့ မင်းရွာရဲစခန်းက ဖြစ်စဥ်ကိုလည်း မြင်တွေ့ပြီး ဖြစ်မှာပါ။ ဒီတော့ စစ်အာဏာရှင်အတွက် အသက်ပေးရတာ တန်လို့လားဆိုတာ တပ်ထဲက စစ်သားတွေအနေနဲ့ လက်ကျန် ဦးနှောက်နဲ့ စဥ်းစားစေလိုပါတယ်။ ။

#RedNewsAgency

By Editor