“လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ”
ကေဂျီ – Wiper
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့ အသီးသီး စစ်ရေးပြင်ဆင်လာမှုတွေကို တွေ့မြင်လာရပြီး ဘယ်အချိန် ထပေါက်ကွဲမယ်မသိရတဲ့ ဖျက်အားပြင်း ဗုံးတလုံးလို အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၁၂ရက်နေ့ လောက်ကစပြီး လားရှိုး– မူဆယ် လမ်းပေါ်က ကောင်းဟုန်၊ နမ့်ဖ၊ မန်နားရွာအနီးက လမ်းများနဲ့ နမ္မတူ– သီပေါ လမ်းပိုင်းနေရာတချို့ကို မြေတူးစက်နဲ့ တူးပြီးဖျက်ဆီးကာ သွားလာလို့ မရနိုင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းနေပါတယ်။ စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီချက်များကို သွေဖီပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေကို လက်နက်ကြီး ပစ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။






