လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

“အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်” တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ် ……….

မောင်ဝိ

စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလအတွင်းပိုင်းကတည်းက ကြိုတင်စီမံထားခဲ့တာ ဖြစ်တယ်။ ထိုအချိန်ကတည်းက နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်ပြီး၊ ပြောဆိုချက်ထဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိကာ အမျိုးသား စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း ၂ နှစ်တန်၊ ၃ နှစ်တန် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့ မျက်နှာငယ်ရတယ်။ နိုင်ငံရေး အားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို ပြဿနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်တယ်။


လက်ရှိမှာလည်း စစ်ကောင်စီအနေနဲ့ တစ်နှစ်ကို လူဦးရေ ၂၀၀ တွင် ၁ ယောက်သာ တပ်ထဲဝင်ရမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါ့အပြင် Non-CDM ဝန်ထမ်းတွေနဲ့ စတင်ပြီး စစ်မှုထမ်းဖို့အကောင်အထည်ဖော်နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ကြေညာပြီး၊ တိုင်းနဲ့ပြည်နယ်များမှာ ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း စစ်တပ်ကပေါ်တာဆွဲလို့ ဖမ်းဆီးခံရတဲ့ လူငယ် ၃၀၂ ဦးရှိလာကြောင်းနဲ့ လူငယ်တွေကိုလည်း တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပေါ်တာဆွဲမှုဖြစ်ပေါ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက စစ်ကောင်စီရဲ့ မတရားသဖြင့် အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို လူငယ်တွေကိုယ်တိုင်က လက်မခံတာကြောင့်ဖြစ်တယ်။ အခြားသော ပြည်ပကျူးကျော်စစ်ပွဲသာရှိခဲ့မယ်ဆိုရင်၊ တိုင်းပြည်ချစ်စိတ်နဲ့ လုယက်ပြီး တပ်ထဲဝင်ရောက်ကြမှာ အသေအချာပဲ ဖြစ်တယ်။ ဒီတော့ မဖြစ်မနေစုဆောင်းခံရလို့ စစ်တပ်ထဲရောက်သွားရင် ဆိုတာနဲ့ စစ်တပ်အကြောင်းကို အနည်းငယ်သိရှိထားဖို့ လိုအပ်ကြောင်း ပြောပြလိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ဆန္ဒပါလို့ပဲ ဖြစ်ဖြစ်၊ ဆန္ဒမပါပဲ ပေါ်တာဆွဲမှုကြောင့်ပဲ ဖြစ်ဖြစ် စုဆောင်းရရှိသူတွေကို၊ စစ်ကောင်စီအနေနဲ့ ပထမဆုံး တိုင်းစစ်ဌာနချုပ်အလိုက် စစ်ကြောရေးနဲ့ တည်းခိုရေး ဒါမှမဟုတ် တပ်သားသစ်စုဆောင်းရေးတပ်တွေကို သေချာပေါက်ပို့မှာဖြစ်တယ်။ အဲ့ဒီတပ်တွေကိုရောက်ခဲ့ရင် အာဏာမသိမ်းခင်အချိန်တွေတုန်းက တပ်သားသစ်တွေလို အော်ဟစ်ဆဲဆိုတာတွေ၊ အပြစ်ပေးတာတွေ ချက်ချင်းလုပ်ဦးမှာမဟုတ်သလို၊ အမြဲလိုလို စောင့်ကြည့်ခံနေရမှာပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယခုလက်ရှိ တပ်ထဲကိုဝင်ရောက်လိုတဲ့ လူငယ်နည်းပါးတာကြောင့် အစားအသောက် ဝအောင်ကျွေးပြီး၊ ရသလောက်တော့ စည်းရုံးမှာအသေအချာပါပဲ။


ဒါပေမယ့် စစ်တပ်ရဲ့ထုံးစံအတိုင်း “အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်” တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ်။ တိုင်းဒေသကြီးအလိုက်က စုဆောင်းရမိတဲ့လူငယ်တွေကို အဖွဲ့လိုက် ပုန်ကန်မှုမဖြစ်ဖို့၊ လေ့ကျင့်ရေးကျောင်းတွေကို တကွဲတပြားစီ မတူညီတဲ့ တပ်ရင်း တပ်ခွဲအလိုက် ခွဲခြားပို့မှာ ဖြစ်တယ်။

စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကိုရောက်ခဲ့ရင်လည်း စီမံချက်နဲ့ သင်တန်း ပေးတာဖြစ်တဲ့အတွက် စစ်ရေးပြ၊ မိုင်းသင်ခန်းစာ၊ လက်နက်ငယ်ဘာသာရပ် ၊ သေနတ်အပစ်အခတ် စတာတွေကိုအဓိက သင်ပေးတာဖြစ်တယ်။ အခြားသောအချိန်မှာ သင်တန်းသားများ နားချိန်မရှိအောင် ဖက်ထိတ်၊ လူမှုဝန်ထမ်း စတာတွေကို နည်းပြအရာရှိ၊ နည်းပြ ဆရာကြီးတွေအိမ်မှာ အလှည့်ကျ (ဒါမှမဟုတ်) နေ့စဥ် သွားရောက်လုပ်ကိုင်ကြရမှာဖြစ်တယ်။ အခုလိုအချိန်တွေမှာ လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ရင်လည်း ပိုင်နိုင်မှ လုပ်ကြဖို့အကြံပေးချင်ပါတယ်။ တကယ်လို့ စစ်တပ်က ပြန်ဖမ်းမိခဲ့ရင် လူမဆန်အောင်ရိုက်နှက်တာတွေ ရှိတဲ့အတွက်ဖြစ်တယ်။

လူငယ်တွေရဲ့ သဘောသဘာဝအရ အနေနီးပါများရင် မိမိတပ်ရင်း၊ မိမိတပ်ဖွဲ့၊ အပတ်စဥ်တူ သူငယ်ချင်းများ စတာတွေကို ခင်မင်တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် မိမိတို့ရဲ့ရည်ရွယ်ချက်နဲ့ ခံယူချက်ကို မပျောက် ပျက်ဖို့လိုအပ်ပါတယ်။ သင်တန်းဆင်းပြီးလို့ တပ်ရင်း တပ်ဖွဲ့တွေရောက်လို့ သေနတ်ရရင် သေနတ်ပြောင်းပြန်လှည့်မယ်၊ နောက်ကျည်ပြန်ပစ်မယ်ဆိုတဲ့ စကားတွေကလည်း ထင်သလောက်မလွယ်ကူပါ။ အဆင့်ဆင့် ဖိနှိပ်ထားတဲ့အတွက် အကြောက်တရားသာ ကြီးစိုးနေတတ်ကြပါတယ်။

ရုန်းထွက်ဖို့အတွက် အကောင်းဆုံးအချိန်တွေရှိပါတယ်။ ဒါကတော့ တပ်ရင်းတပ်ဖွဲ့တွေကိုရောက်တဲ့အချိန်၊ ခွင့်ကာလ၊ တပ်ကနေ သင်တန်းသွားတဲ့အချိန်နဲ့ ရှေ့တန်းထွက်တဲ့ကာလတွေပဲ ဖြစ်တယ်။ ဒီအချိန်တွေမှာ ဆက်သွယ်ရန် အလွတ်ကျက်ထားတဲ့ အရေးကြီးဖုန်းနံပတ်တွေက အထောက်အကူဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေမှာရအောင်ရုန်းထွက်စေချင်ပါတယ်။ စစ်ကောင်စီဟာ စစ်တိုက်ဖို့အင်အားလိုအပ်တဲ့အတွက် သင်တန်းဆင်းကာစ တပ်သားသစ်တွေကို ရှေ့တန်းကို တန်းပို့မှာ သေချာပါတယ်။

မှတ်မှတ်ရရဆိုရင် ၂၀၁၂ ခုနှစ်လောက်က စစ်အခြေခံလေ့ကျင့်ရေး (၅) ရေနီမြို့ ကသင်တန်းဆင်းလာတဲ့ တပ်သားသစ်တွေကို တပတ်စဥ်လုံး ကချင်ပြည်နယ်ထဲက ရှေ့တန်းတနေရာကို ပို့ခဲ့တဲ့ သာဓက တခုကြုံတွေ့ခဲ့ရဖူးပါတယ်။ စစ်ရေးနဲ့ တိုက်ပွဲအတွေ့အကြုံ နည်းပါးမှု့ကြောင့် တပတ်စဥ်လုံး တိုက်ပွဲကျသွားခဲ့ကြောင်း ကြားသိခဲ့ရပါတယ်။ အခုလို တနိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရတဲ့ အချိန်မှာ သေချာပေါက် စစ်တိုက်ရမှာဖြစ်တယ်။

ဒါ့ကြောင့် ကိုယ်တိုင်က မဖြစ်မနေ တပ်ထဲရောက်သွားခဲ့ရင်အချိန်မရွေး ရှေ့တန်းထွက်ရမှာဖြစ်တာကြောင့် ရှေ့တန်းထွက်ချိန်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ထုတ်ပြန်ထားတဲ့ ဖေ့ဘုတ်​ ပေ့ချ်၊ တယ်လီဂရန်ချန်နယ် အစရှိတာတွေကိုဆက်သွယ်တာမျိုး၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့၊ EROs တပ်ဖွဲ့များထံ သွားရောက်ပြီး မိမိဟာ ပေါ်တာဆွဲခံရတဲ့ ပြည်သူတစ်ယောက်ဖြစ်ကြောင်းပြောပြီး လက်နက်ချအညံ့ခံခြင်းတွေကသာ မိမိကိုယ်တိုင်စစ်ကောင်စီတပ်ထဲက လုံခြုံစွာ ထွက်ခွာနိုင်မယ့်နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေခဲ့ရင် အသိသတိနဲ့ယှဥ်ပြီး ကြိုတင်ရုန်းထွက်ကြဖို့ အကြံပြုလိုပါတယ်။ ။

#RedNewsAgency

By Editor