စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

“အောင်ဇေယျ စစ်ကြောင်းဆိုတာဟာ စစ်တပ်ရဲ့ နောက်ဆုံးရှိသမျှအင်အားတွေအားလုံးထုတ်နှုတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတစ်ခုလို့ဆိုနိုင်ပြီး ဒီစစ်ကြောင်းသာ ဒေါနတောင်ခြေမှာ ကျရှုံးခဲ့မယ်ဆိုရင် စစ်တပ်အနေဖြင့် နောက်ထပ် ထိုးစရာတပ်အင်အားတွေမရှိတော့ဘဲ ဆက်တိုက်ဆိုသလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ခါးစည်းခံရမှာသေချာပါတယ်”

ချမ်းမင်း

နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ကြောင်းဆိုတဲ့ ဒီစကားကို အခုရက်ပိုင်းအတွင်း တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လော်ဘီ မီဒီယာကြားမှာ ခေတ်စားနေပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုနေကြတဲ့ အကြောင်းအရာတခုပဲ ဖြစ်ပါတယ်။ ဒီ “အောင်ဇေယျ” စစ်ဆင်ရေး စစ်ကြောင်းနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဧပြီလ ၆ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ သင်္ကန်းညီနောင်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦးနှင့် မှီခိုအိမ်ထောင် သည်ကလေးတွေပါစုစုပေါင်း ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တဲ့အကြောင်းက စပြောရပါလိမ့်မယ်။

ဗျူဟာစခန်းကုန်းတစ်ခုဖြစ်တဲ့အပြင် အနီးအနားက နယ်မြေတွေအားလုံး ကိုစိုးမိုးထားနိုင်တဲ့ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို စစ်ခေါင်းဆောင်တွေအနေနဲ့ မြဝတီနဲ့ သင်္ကန်းညီနောင်မြိူ့တွေကို လက်မလွှတ်ရရေးအတွက် အထူးပင် အားကိုးအားထားပြုထားဟန်တူပါတယ်။ ကြားသိရသလောက်သတင်းတွေအရဆိုရင် မတ်လလယ်လောက်ကတည်းက စစ်တပ်အနေဖြင့် အဆိုပါသင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို လက်နက်အင်အား၊ လူအင်အားဖြည့်တင်းပေးတာတွေ၊ ခံစစ်စီမံချက်အတွက် အကောင်းဆုံးပြင်ဆင်ခိုင်းထားတာတွေပြုလုပ်ခဲ့တဲ့အပြင် မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ချေရှိတဲ့ အခြေအနေတွေကိုလည်း အမြဲမပြတ်သတင်းပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို ကြိုတင်ပြင်ဆင်မှုတွေများစွာကို ပြုလုပ်ထားခဲ့ပေမဲ့လည်း တကယ့်တကယ်တော်လှန်ရေးတပ်ဖွဲ့တွေမှ အဆိုပါဗျူဟာစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာတော့ စိတ်ဓာတ်ကျဆင်းနေပြီး စစ်ပန်းနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လွယ်လင့်တကူပင် တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းလက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ဟာ ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်ဒကစ လက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ပြီးရင် ဒုတိယမြောက်အကြီးကျယ်ဆုံးလက်နက်ချအညံ့ခံမှုဖြစ်စဥ်တစ်ခုလို့ဆိုနိုင်ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့က အဆိုပါသင်္ဃန်းညီနောင်ဗျူဟာကုန်းကို ရရှိပြီးနောက် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါလှတဲ့ မြဝတီမြို့ကို ထပ်မံရရှိနိုင်ရန် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အမှတ်၂ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားနား ထိဆုတ်ခွာသွားအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်နိုင်ရည်က စစ်ကောင်စီလက်အောက်ခံတွေအတွက်တော့ ပြေးပေါက်ရှာထားရတာမျိုးပဲ ဖြစ်ပါတယ်။

အဲ့ဒီလို အချိန်မရွေးမြဝတီမြို့ကို လက်လွှတ်လိုက်ရနိုင်တဲ့အခြေအနေတွေကြောင့် ဒုချုပ်စိုးဝင်းကိုယ်တိုင် မော်လမြိုင်မြို့ တိုင်းစစ်ဌာနချုပ်မှာထိုင်ပြီး တပ်မ ၅၅ တပ်မတစ်ခုလုံးနဲ့ တပ်မ၄၄ မှပူးပေါင်းတပ်တွေ အားလုံးအပါအဝင် တင့်၊ သံချပ်ကာယာဥ်တွေပါအသုံးပြုကာ မြဝတီမြို့ကိုပြန်လည်ရရှိအောင်တိုက်ခိုက်မဲ့ စစ်ဆင်ရေးကြီးတစ်ခုကိုဆောင်ရွက်ခဲ့ပါတယ်။ မြဝတီမြိို့ကို စစ်ကောင်စီအနေနဲ့ ပြန်သိမ်းဖို့ဆိုရင် မြဝတီကို ပိတ်ဆို့ထား သင်္ဃန်းညီနောင်ဗျူဟာနဲ့ မြို့စောင့်တပ်လို့ပြောတဲ့ ၂၇၅ ကို ပြန်သိမ်းနိုင်ဖို့ လိုပါတယ်။

မြဝတီကို ပြန်လည်စိုးမိုးနိုင်ရေးဆိုတဲ့ အဆိုပါ စစ်ဆင်ရေးကြီးကတော့ အထက်မှာပြောခဲ့တဲ့ တပ်ထောက်ခံသူတွေကြား ရေးပန်းစားနေတဲ့ “အောင်ဇေယျ” အမည်ရ စစ်ဆင်ရေးကြီးတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ စစ်ဆင်ရေးစတင်ပြီဆိုကတည်းက စစ်တပ်လော်ဘီတွေကြား ဒါဟာနိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ခုဖြစ်တာကြောင့် KNU /PDF တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုမှ ခံနိုင်မှာမဟုတ်ကြောင်း၊ ဒုချုပ်က စစ်ကို စစ်နဲ့ပီသအောင်တိုက်ခိုက်နေပြီဖြစ်ကြောင်းတွေ ပြောဆိုဝါဒဖြန့်ခဲ့ပါသေးတယ်။

တကယ့်လက်တွေ့မှာတော့ အဆိုပါလော်ဘီတွေရဲ့ ဝါဒဖြန့်မှုတွေဟာ ၃ရက်လောက်သာခံလိုက်ပြီး နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုတဲ့ “အောင်ဇေယျ” စစ်ကြောင်းဟာ ဒေါနတောင်ကို မကျော်နိုင်သေးဘဲ တောင်ခြေရှိ ကော့နွဲကျေးရွာမှာသာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကို အလူးအလဲခံနေရပါတယ်။ KNU ဗဟိုရဲ့ထုတ်ပြန်ချက်၊ မြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် “အောင်ဇေယျ” စစ်ကြောင်းရဲ့ သံချပ်ကာယာဥ်တွေအပါအဝင် စစ်သုံးကားတွေကိုပါ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောင်ဇေယျ စစ်ကြောင်းဆိုတာဟာ စစ်တပ်ရဲ့ နောက်ဆုံးရှိသမျှအင်အားတွေအားလုံးထုတ်နှုတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတစ်ခုလို့ဆိုနိုင်ပြီး ဒီစစ်ကြောင်းသာ ဒေါနတောင်ခြေမှာ ကျရှုံးခဲ့မယ်ဆိုရင် စစ်တပ်အနေဖြင့် နောက်ထပ် ထိုးစရာတပ်အင်အားတွေမရှိတော့ဘဲ ဆက်တိုက်ဆိုသလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ခါးစည်းခံရမှာသေချာပါတယ်။ ဒါကြောင့် ဒေါနတောင်ခြေက စစ်ပွဲဟာ ကရင်ပြည်နယ်တစ်ခုတည်းအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အရေးကြီးလှပါတယ်။ ။

#RedNewsAgency

By Editor