RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။

မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော “မင်းနန်သူကျိန်စာ” အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်ဟု Yangon Revolution Force – YRF ( ရန်ကုန်တော်လှန်ရေးအင်အားစု) မှ ထုတ်ပြန်ထားသည်။
ယနေ့ ပြုလုပ်သည့် လှုပ်ရှားမှု အစီအရင်များသည် စစ်ကောင်စီတပ်သားများ နေပြည်တော်တွင် ပြုလုပ်နေသည့် ၄င်းတို့အခေါ် တပ်မတော်နေ့ အခမ်းအနားများနှင့် ၄င်းတို့စစ်တပ်၏ ကျဆုံးချိန်၊ နေ၀င်ချိန်ကို ရည်ရွယ်ကာ စီမံလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း YRF ကရှင်းပြထားသည်။





“ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်” ဟူသော ယတြာဖြင့် လက်နက်မဲ့ဆန္ဒပြပြည်သူများအပေါ် ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းစေခဲ့သော အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ ခေါင်းပြတ်ပုံသဏ္ဍာန်အစီအရင်ပစ္စည်းကို တတ်ကျွမ်းနားလည်သည့် ပညာသည်များ၏ အကူအညီဖြင့် YRF မှ ပြုလုပ်ခဲ့ခြင်းဖြစ်ဖြစ်ကြောင်း၊ မင်းအောင်လှိုင် ခေါင်းပြတ်ကို အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံးသွားသည့် ပြည်သူ ကိုးဦးတို့ကို မြှုပ်နှံထားသည့် နေရာများမှ မြေမှုန်များဖြင့် ကိုးရက် ကိုးည တိုင်တိုင် အဓိဌာန်ပြု စီရင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။






Red News Agency