ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်

“မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်”

မောင်ဝိ

ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာ ၃ နှစ်အထိရှိလာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေဘာ့ကြောင့်သွေးမအေးသေးတာလဲဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ် တော်လှန်ရေးကာလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ သတင်းစီးဆင်းမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအများစုဟာ လပိုင်းအတွင်း ပုံမှန်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့လို နွေဦးတော်လှန်ရေးကာလမှာတော့ စစ်တပ်အာဏာသိမ်းချိန် ပြည်သူတရပ်လုံးဟာစစ်ဆိုရင် ရေတောင်စစ်မသောက်ဘူးဆိုတဲ့အထိ ခါးခါးသီးသီး ဖြစ်နေကြပါတယ်။

မှတ်မှတ်ရရအဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။ ၂၀၂၁ အစောပိုင်းကာလမှာ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမတဦးအကြောင်း ဖြစ်ပါတယ်။ သူဟာ မြို့နယ်ရဲ့ပညာရေး သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် စစ်တပ်ကဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ခဲ့ပါတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေ အပါအဝင်၊ဒီလက်နဲ့ လက် ၃ ချောင်းထောင်ခဲ့တာလားဆိုပြီး လက် ၃ ချောင်းလုံးအချိုးခံလိုက်ရပါတယ်။ ဒါ့အပြင် ညအိပ်ချိန်မပေးဘဲ အလှည့်ကျနဲ့ တနည်းမဟုတ်တနည်းဖြင့် နှိပ်စက်ခဲ့တယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းခါစအချိန် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြချိန်မှာတောင် အခုလို စစ်တပ်က ရက်စက်ခဲ့ခြင်း ဖြစ်တယ်။

အာဏာသိမ်းကာလ ၁ နှစ်ကျော်လာချိန်မှာတော့ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ ကျေးရွာနေ ပြည်သူတွေအပေါ်  စံချိန်တင် ရက်စက်ခဲ့ပါတော့တယ်။ တချို့သော ဒေသခံပြည်သူတွေဟာ မိသားစုဘဝရပ်တည်ရေးအတွက် လုံးပန်းနေကြရပြီး၊ တော်လှန်ရေးအပေါ် အာရုံမစိုက်မိတာမျိုးရှိကြပါတယ်။ ဒါပေမယ့် စစ်တပ်က ဒေသခံလူထုရဲ့ နေအိမ်တွေမီးရှို့၊ မိသားစုဝင်တွေအပေါ် သတ်ဖြတ်ခြင်းတွေပြုလုပ်လာတဲ့အပေါ် မှာ နာကျဥ်းမှုတွေနဲ့ တွယ်တာငဲ့ကွက်ရမယ့်အရာတွေ မရှိတော့တာကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ ခုချိန်ထိသွေးမအေးကြပဲ ပိုမိုပါဝင်လာကြခြင်းဖြစ်တယ်။ ဒါအပြင် စစ်ကောင်စီ တပ်သားအများစုဟာ တိုက်ပွဲမှာ သူတို့သာ အသာစီးအနိုင်ရခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူခဲ့တာကိုလည်း ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်းစတဲ့ ဖြစ်စဥ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာ အချိန်ကာလကိုရောက်ရှိလာပြီးနောက် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ စစ်ကောင်စီတပ်တွေအပေါ် အတော်ကြီး တုန်လှုပ်စေခဲ့ပါတယ်။ လပိုင်းအတွင်း ရှမ်းမြောက်ဒေသတခုတည်းမှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၃၀၀ နီးပါးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္ဒီ၊ နန့်ခမ်း၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကွမ်းလုံ၊မန်တုံမြို့တွေကိုသိမ်းပိုက်ရရှိထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးလှိုင်းနဲ့အတူ စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင်လည်း ရွှေပြည်အေး၊ ခမ်းပတ်၊ ကောလင်း၊ မော်လူး စတဲ့မြို့တွေကို သိမ်းပိုက်ထားရှိပြီး ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ကချင်ပြည်နယ်အတွင်းရှိ အင်ဂျာယန်မြို့ကိုပါ သေနတ်တချက်မဖောက်ပဲ ရရှိခဲ့ပါသေးတယ်။ ချင်းပြည်နယ်အတွင်းမှာဆိုရင်လည်း ရီခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ဝေဘူလ၊ ဆူးခွား၊ နှာရိန်၊ မကွီးအိမ်နူးစတဲ့ နယ်စပ်မြို့တွေကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ကရင်နီမှာဆိုရင်လည်း မယ်စဲ့၊ မိုးဗြဲ၊ နန်းမယ်ခုံးစတာတွေကို သိမ်းပိုက်ရရှိထားပြီး မြို့တော် လွိုင်ကော်ရဲ့ တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လမ်းပမ်းဆက်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်မှုတချို့ကိုပါ ထိန်းချုပ်ဟန့်တားလာနိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းခါစအချိန်မှာ ပြည်သူအပေါ် အနိုင်ကျင့် ရက်စက်နေပေမယ့် လက်နက်ကိုင်ချင်းဆိုရင် တိုက်တိုင်းရှုံးနေတယ်ဆိုတာ သိသာစေပါတယ်။

အခုလို ရှုံးနိမ့်လာတဲ့ အခြေအနေတွေကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲအခမ်းအနားမှာစစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ပေးထားသလို တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေကြောင်းပြောထားပါတယ်။ စစ်ကောင်စီတပ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ဗိုလ်ချုပ်များနဲ့ အောက်ခြေစစ်သားတွေမှာတူညီတဲ့ အချက်တခုရှိပါတယ်။ ဒါကတော့ မင်းအောင်လှိုင်စတဲ့ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် တိုက်ပွဲရလဒ်အပေါ်မူတည်ပြီး ငြိမ်းချမ်းရေးစကားပြောဆိုနေသလို၊ အောက်ခြေစစ်သားတွေကိုယ်တိုင်ကလည်း တိုက်ပွဲအတွင်း မနိုင်ဘူးထင်မှ အလံဖြူပြ လက်နက်ချကြတာများပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး မကြာခန ဖိတ်ခေါ်နေတဲ့ သတင်းတွေမြင်ရတာ ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာအနေနဲ့ မဟာမိတ်တပ်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းပုံနဲ့ ဆင်တူလှပါတယ်။ မဟာမိတ်တပ်တွေ မြို့တော် ဘာလင်ထဲအထိ ထိုးဖောက်ဝင်ရောက်ခါနီးအချိန်မှာ ဟစ်တလာအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူအချိန်နှောင်းသွားခဲ့ပါပြီ။ အခုလည်း မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ စစ်တပ်ကဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေး  နဲ့ပတ်သက်လို့သမိုင်းကြောင်းကိုပြန်လှန်ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ် စစ်တပ်က ဦးဆောင်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် -NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ KIA အနေနဲ့ လက်မှတ်ထိုးမယ်လို့ ဆိုခဲ့ဖူးပါတယ်။ 

အဲ့ဒီအချိန်က ရက္ခိုင့်တပ်တော် AA TNLAနဲ့ MNDAA တို့ကို စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကြောင့် ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က ထိုတပ်ဖွဲ့တွေနဲ့တွေ့ဆုံချိန်မှာလည်း တဖွဲ့ချင်းပဲ တွေ့မယ်လို့ဆိုပါတယ်။ ဆိုလိုချင်တာက တော်လှန်ရေးအင်အားစုတွေ စုစည်းမိသွားတာစိုးတဲ့အတွက် ဖြစ်တယ်။ အခုလက်ရှိမှာတော့ စစ်တပ်က အကြမ်းဖက်အဖွဲ့အဖြစ် မတရားသတ်မှတ်ထားတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ်  ငြိမ်းချမ်းရေး စကားခေါ်နေရတာပဲ ဖြစ်တယ်။

တကယ်တမ်း စစ်တပ်က ပြောပြောနေတဲ့ စစ်တပ်ငြိမ်းချမ်းရေးလိုချင်တယ် လို့ ဆိုထားပေမယ့် NCA လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တွေကိုယ်တိုင်ကလည်း တကယ့်အခြေခံအချက်ဖြစ်တဲ့ တပ်နေရာချထားရေး၊ ပြည်နယ်ခွဲဝေရေး၊ တန်းတူအခွင့်အရေးရရှိရေး စတာတွေ တခုမှ ရရှိခြင်းမရှိဘဲ၊ ၂ ဖက်အပစ်အခတ်ရပ်စဲပါတယ်ဆိုတဲ့ NCA ခေါင်းစဥ်အောက်မှာ စစ်တပ်က ဦးဆောင်ပြီး၊ နိုင်ငံကို ကြိုက်သလိုစီမံသွားခဲ့တာ အားလုံးအသိပါ။ နောက်ဆုံးမှာတော့ NCA လက်မှတ်ထိုးခဲ့တာတွေ အစပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အားလုံးပျောက် ကွယ်ခဲ့ကြရပြီး တနိုင်ငံလုံး စစ်မီး ဟုန်းဟုန်းတောက်ခဲ့ရတာပါပဲ။ 

လက်ရှိမှာ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ အရာတွေဟာ အတော်ကို လွန်သွားခဲ့ပါပြီ။ ပြန်ဖာထေးလို့မရနိုင်လောက်အောင် လူထုမှာ ဒုက္ခရောက်ခဲ့ကြရပါတယ်။ ဒီအတွက် စစ်တပ်ကသာ တကယ့်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ပထမဆုံး အာဏာသိမ်းမှုမှာပါဝင်ပြီး ကျူးလွန်နေခဲ့တဲ့ စစ်ကောင်စီရဲ့ ရာထူးအဆင့်အတန်းအလိုက်ဟာ ပြည်သူလူထုအပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှုရှိစွာနဲ့ ပြည်သူလူထုထံ ပြစ်ဒဏ်ခံယူရမှာပဲ ဖြစ်တယ်။ ဒါကလည်း အာဏာရူးလို့ သိမ်းထားတဲ့ စစ်တပ်အတွက်ဖြစ်လာစရာအကြောင်းမရှိပါဘူးလို့ မြင်မိပါတယ်။

တဖက်မှာလည်း ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်သူလူထူရဲ့ နွေဦးတော်လှန်ရေးဟာ အာဏာရှင်ချုပ်ငြိမ်းတဲ့အထိ ဆက်သွားနေမှာပဲ ဖြစ်တယ်။ ခေတ်အဆက်ဆက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေ စစ်အာဏာရှင် စနစ်ကို ခါးစည်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ဒီတစ်ကြိမ်မှာတော့ စစ်အာဏာရှင်ကို အပြီးတိုင်တော်လှန်ဖို့ သံဓိဌာန်ရည်မှန်းထားတယ်ဆိုတာ မြို့ပြ ကျေးလက်က တော်လှန်ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းမှုတွေက သက်သေပြနေပါတယ်။ များမကြာခင်မှာ အရှိဟုန်ပြင်းတဲ့ ထိုးစစ်တွေနဲ့အတူ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးဟာ မကြာခင်မှာ ဧကန်ဖြစ်လာတော့မှာ ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ။

Red News Agency

By Editor