တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

“စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်”

ရန်နိုင် – Wiper 

စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး စစ်တပ်မုန်းတီးသူ ပြည်သူတွေသာ သိသိသာသာများပြားလာခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ အမြင်မှာ စစ်တပ်နဲ့စစ်သားတွေကိုစစ်ခွေးဆိုတဲ့ အသုံးအနှုန်းနဲ့  ရွံ့စရာကောင်းတဲ့ လူမဆန်သူတွေအဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ တိုင်းပြည်အတွက် ခေါင်းမော့၊ ရင်ကော့ပြီး တိုက်ပွဲဝင်မယ်လို့ ခံယူပြီး စစ်တပ်ထဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကတော့ ပြည်သူတွေရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတော့လို့ CDM ဝင်ပြီး ပြည်သူတွေကို ရပ်တည်လာခဲ့ကြတယ်။

ပြည်ပရန်ကိုကာကွယ်ဖို့ စစ်အင်အားဖြည့်တင်းထားတာကြောင့် ကမ္ဘာ့အဆင့် (၃၅)ထိရှိနေတဲ့ မြန်မာ့စစ်တပ်ကို မင်းအောင်လှိုင် အာဏာမသိမ်းခင်ထိ ပြည်သူတွေက လေးလေးစားစား လက်ခံဆက်ဆံခဲ့ကြသေးတယ်။ မှတ်မှတ်ရရဆိုရင် ၂၀၁၇ တနင်္သာရီတိုင်းက ကျောက်နီမှော် ကျေးရွာအနီးမှာ ပျက်ကျခဲ့တဲ့လေယာဉ်မှာ ပါသွားတဲ့ စစ်တပ်မိသားစု ဝင်တွေအတွက် ပြည်သူတွေက စုပေါင်းပြီးထောက်ပံ့မှုတွေ ပေးခဲ့ကြဖူးတယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်တော့ အာဏာရှင်လက်ကိုင်တုတ်အဖြစ်နဲ့ စစ်တပ်နဲ့ပတ်သက်ရင် အရာရှိရော စစ်သည်ရော တပြေးတည်းစစ်ခွေးအဖြစ် ပြည်သူတွေက သက်မှတ်လိုက်ကြတော့တယ်။ ပြည်သူတွေရဲ့ မေတ္တာတွေလဲမရတော့ ပြည်သူ့ကျိန်စာတွေလဲစူးနေပြီး ပြည်သူတွေအပေါ် ဆိုခဲ့တဲ့ သစ္စာ ဖောက်ဖျက်ခဲ့တာတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်တိုင်း ရှုံးနိမ့်နေတော့တယ်။

ပြည်သူ့ကျိန်စာစူးနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း () စတင်ပြီး () ရက် အတွင်းမှာ မြို့ ၄ မြို့ကို လက်လွတ်ခဲ့ရသလို စစ်စခန်း ၁၀၀ နီးပါး လွယ်လွယ်ကူကူ လက်လွှတ်လိုက်ရတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း() စတင်ပြီး ၅ ရက်အတွင်းမှာလည်း စစ်တပ်ဘက်က လက်နက်ချသူ ဗိုလ်မှူးကနေ တပ်သားအဆင့် ထိ ၅၃ ယောက်ရှိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ တကယ်တိုက်ရင် တကယ်အရှုံးပေးဖို့အသင့်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စိတ်ဓါတ် ပျက်ပြားနေမှုတွေလဲ ဖြစ်ပါတယ်။ ဇော်မင်းထွန်း ပြောခဲ့တဲ့ အစဉ်အလာကြီးမားတယ်ဆိုတဲ့ လားရှိုးအခြေစိုက် ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကိုလည်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းကို ညီနောင်သုံးဖွဲ့က ဇူလိုင် ၂၆ မှာ ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားခဲ့ တယ်။ 

စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်မှာ တပ်စခန်း ၃၀၀ ကျော်နဲ့ ရခိုင်မှာ တပ်စခန်း ၁၅၀ ကျော်ထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်က လက်လွှတ်ပေးလိုက်ရတယ်။ တပ်စခန်းတွေဆုံးရှုံးပြီး လက်နက်ခဲယမ်းတွေလဲ လက်လွှတ်ခဲ့ရသလို တင့်ကားတွေ၊ စစ်မြေပြင်သုံး မော်တော်ယာဉ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။
စစ်တပ်ရဲ့ အင်အားဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ဆုံးရှုံးမှုဆိုတာလည်း မင်းအောင်လှိုင်လက်ထက် မှာတော့ သမိုင်းဝင်တဲ့ အရှုံးတွေချည်းပဲ ဖြစ်ပါတယ်။ ရေတပ်ရဲ့ ဆုံးရှုံးမှုတွေကို ကြည့်မယ်ဆိုရင်လည်း ဖေဖော်ဝါရီ ၇ မှ ၁၃ ရက်ထိ ၆ ရက်တာအချိန်အတွင်း ရခိုင်ပြည်နယ်စစ်မျက်နှာမှာ စစ်သင်္ဘော ၃ စီးနဲ့ ဇက်သင်္ဘော ၂ စီးကို အာရက္ခတပ်တော်က တိုက်ခိုက်နှစ်မြှုပ် လိုက်ရသလို အခြားသင်္ဘော ၄ စီးကလည်း ရေချလို့မရတော့လောက်အောင် ပျက်စီးသွားကြောင်း အာရက္ခတပ်တော်က စာရင်းထုတ်ပြန်ခဲ့တယ်။ မင်းအောင်လှိုင် အာဏာသိမ်းမှုနဲ့အတူ ရေတပ်ရဲ့ စွမ်းအားတွေကို အလဟဿဖြုန်းတီးလိုက်ခြင်းပဲ။

လေတပ်ရဲ့ အင်အားတွေဖြစ်တဲ့ ဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် () စင်းကိုလည်း တော်လှန်ရေးကာလ ()နှစ်ကျော်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်။ ကြည်းတပ်ကလည်း ခံစစ်သက်သက်နဲ့သာ ခံတိုက်နေရပြီး နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ အောင်ဇေယျထိုးစစ်ကြီးကလည်း ၂ နာရီလောက်သွားရတဲ့ ခရီးကို ၄ ရက်နဲ့ အရောက် ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ၄ လအကြာ ဇူလိုင် ၂၆ ရက်မှာတော့ အလဲလဲ အကွဲကွဲနဲ့ ပြန်ဆုတ်သွားပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက မီဒီယာတွေကို ပြောထားပါတယ်။

ရှမ်းမြောက်က စစ်ကောင်စီတပ်စခန်းတချို့မှာလည်း လူဟောင်းတွေ ထွက်ပြေးနေကြပြီး စစ်မှုထမ်း ဥပဒေနဲ့ အတင်းအကြပ် ခေါ်ထားတဲ့ ရဲဘော်အသစ်တွေနဲ့ တပ်စခန်းမကျဖို့ ကျားကန်နေရကြောင်း ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တဦးထံမှ သိရတယ်။ လောက်ကိုင် ဒကစ လို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေ စုစုပေါင်း ၄၀၀၀ ကျော်ထိ အလံဖြူထောင် လက်နက်ချတဲ့ဖြစ်စဉ်တွေက အစပြုပြီး နောက်ထပ်(နောက်ထပ်) လက်နက်ချမှုတွေကို ခပ်စိပ်စိပ်ရှိနေဆဲပဲ။ ဒီလိုလက်နက်ချရုံသာမက နီးစပ်ရာနယ်စပ်တွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်ဂလားဒေရှ့် အားလုံးကို ရုပ်ပျက်ဆင်းပျက် ထွက်ပြေးနေကြတယ်။ စစ်ရှုံးလို့နီးစပ်ရာနိုင်ငံထဲကို ထွက်ပြေးနေရတဲ့ အစဉ်လာကြီးမားတဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ လက်ရှိအခြေနေမှန်တွေပဲဖြစ်ပါတယ်။

တစ်ချိန်တုန်းက ဝါးရင်းတုတ်နဲ့တက်သိမ်းခဲ့ဖူးတယ်လို့ ဂုဏ်ယူပြောခဲ့ဖူးတဲ့ ထိုင်းနိုင်ငံရဲ့ စစ်သားတွေရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာဝမ်းလျားမှောက်နေကြရပြီး ထိုင်းစစ်တပ်ရဲ့ ပုံစံပေးခြင်း ခံနေရတာကိုလည်း ဓါတ်ပုံတွေမှာ တွေ့နေရတယ်။ စစ်ရှုံးလို့ စစ်ကောင်စီတပ်တွေ အိန္ဒိယနိုင်ငံထဲကို မကြာကြာထွက်ပြေး နေတာကြောင့် နယ်စပ်မျဉ်းကိုလည်း အန္ဒိယနိုင်ငံဘက်က အရေးပေါ်ခြံစည်းရိုး ခတ်လိုက်ရတယ်။ စစ်ရှုံးတိုင်း မကြာကြာထွက်ပြေးနေကျ ဘဂ်လားဒေ့ရှ် နိုင်ငံကလည်း လက်မခံတော့လို့ ဇူလိုင် ၁၇ က ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လှေတွေ နတ်မြစ်ထဲမှာ တဝဲဝဲလည်လည်နဲ့ ရယ်စရာ ဖြစ်နေခဲ့တယ်။

အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ ဘာစွမ်းဆောင်ရည်မှ ပြသမထားနိုင်ပဲ သမိုင်းဝင်အရှုံး တွေနဲ့သာ အရှက်ကွဲအကျိုးနည်းစေတယ်လို့လဲ တပ်ထောက်ခံသူတွေကိုယ်တိုင်က ပြောနေကြပြီ။ ဒီလို စစ်တပ်က အဖက်ဖက်ရှုံးနေပေမယ့်လည်း စစ်တပ်ရဲ့ခေါင်းဆောင်ကတော့ သမ္မတရူးအိပ်မက် အကောင်အထည် ဖော်နိုင်ဖို့သာအရေးထားလုပ်နေဆဲပဲ။ 

နိုင်ငံရဲ့ပြယုဂ်ဖြစ်တဲ့ စစ်တပ်ကြီးက ဘယ်လိုပဲ အရှက်တကွဲအဖြစ်တွေ ကြုံနေပါစေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စစ်တပ်ကိုပြန်အဖတ်ဆည်ဖို့ စဉ်းစားပုံမရပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စစ်တပ်ကိုအသုံးချ ပိုင်ဆိုင်မှုတွေဒုနဲ့ဒေး သိမ်းပိုက်သွားခဲ့ပေမယ့် တပ်ချစ်သူတွေကိုတော့ သိမက္ခာမရှိတော့တဲ့ တပ်မတော်ကြီးအတွက် အသက်တွေ ဘဝတွေရင်းပြီး စစ်တပ်ကို ဖတ်တွယ်နေအောင် ဖန်တီးနေဆဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

Red News Agency

By Editor