Tag: ဖားကန့်
-

ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့
RNA_ဖားကန့်၊ ဧပြီ(၆)၊၂၀၂၄ ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ မီးသတ်ရုံးဘေး၌ အထိုင်ချထားသည့် KNDPC ကုမ္ပဏီလုပ်ကွက်ဆိုဒ်ခွဲ၌ ကျောက်ခိုးသည်ဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေးစဉ် လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်တွင် KNDPC ကုမ္ပဏီမှ ဝန်ထမ်းအများစုက လူသတ်မှုအတွက်ဖြေရှင်းပေရန် တောင်းဆိုခဲ့ကြသည်။ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသူမှာ ကိုအောင်တင်ထွေး (ခ) ဂွတိုဟု သိရပြီး ဧပြီ (၅) ရက်နေ့ နေ့လည်ပိုင်းက ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်အတွက် ဘဝတူ အလုပ်သမားများက သတ်ဖြတ်သူများကို အရေးယူပေးရန် ပြောဆိုခဲ့ကြသည်။သေဆုံးသူ ဂွတိုအား ကုမ္ပဏီ၏ ကြေးစားလူမိုက်များက နှစ်ရက်ခန့် ရိုက်နှက်ခဲ့ပြီး သေဆုံးချိန်တွင် လက်လွန်သွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြားခဲ့ကြောင်း၊ သေဆုံးသူအတွက် လျှော်ကြေးအနေဖြင့် သိန်းသုံးဆယ်ပေးသည့်အတွက် မဖြစ်သင့်ဟုဆိုကာ ကုမ္ပဏီဝန်ထမ်းအများစု အလုပ်ထွက်သွားကြသူများရှိသည်ဟု ကုမ္ပဏီဝန်ထမ်းအချို့ထံမှ သိရသည်။[embedyt] https://www.youtube.com/watch?v=7eqyMjmjQH4[/embedyt] -

စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း
RNA_ဖားကန့်၊ မတ်(၁၈)၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို KIA/KPDF ရဲဘော်များ သိမ်းပိုက်ရရှိထားပြီးနောက် စခန်းကုန်းနှင့်လက်နက်ခဲယမ်းများကို မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=KlDhP_8nsIE[/embedyt]
အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည့်အတွက် တာမခံစခန်းကို KIA/KPDF များက မတ်လ (၉) ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ တာမခံစခန်းမှ ဒုတပ်ရင်းမှူး နန္ဒလင်းမှာ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ တာမခံစခန်း မစွန့်ခွါမီ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သားအလောင်းများပါ တွေ့ရှိခဲ့ကြကြောင်း KPDF သတင်းရင်းမြစ်ထံမှ သိရသည်။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခါမှုများနှင့်အတူ ပူးပေါင်းစခန်းများပါ KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်မှုများရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံများလည်း သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများရှိခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ တာမခံစခန်းမှစွန့်ခွါစဉ် တာမခံရွာအား မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။
တာမခံစခန်းသိမ်းပိုက်ရရှိစဉ် တွေ့ရှိရသည့် စစ်ကောင်စီတပ်သား အလောင်းများပါ မြင်တွေ့ရသည့် ရုပ်သံကြည့်ရန် >>>>>> https://t.me/rednewsagency/5836Red News Agency
-

ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျပြီး (၃၀) ဦးထက်မနည်း သေဆုံး
RNA_ဖားကန့်၊ မတ် (၁၂)၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာနှင့် မနကျေးရွာအစပ်နေရာရှိ ကျောက်တူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် အထက်ဘက်မှ ရွှံ့နွံကန်ပေါက်ကျပြီး လုပ်ကွက်ဝန်ထမ်း (၃၀)ဦးထက်မနည်း သေဆုံးမှု ယနေ့ နံနက် (၄)နာရီခန့်က ဖြစ်ပွားခဲ့သည်။
ရွှံ့နွံကန်ပေါက်ကျခဲ့သည့် လုပ်ကွက်အတွင်းမှ ကိုဖြိုးဝေ (ယာဉ်မောင်း) အသက်(၂၅) နှစ်၊ ကျော်ဇင်ဝိုင်း (ကြီးကြပ်) အသက် (၂၈)နှစ်၊ ဟိန်းမင်းလတ် (ဘက်ဟိုးမောင်း) အသက် (၃၂)နှစ်၊ စည်သူမျိုး (မိုင်းအဖွဲ့) အသက်(၁၉) နှစ်တို့ (၄)ဦးသာ အသက်ရှင်လျှက် လွတ်မြောက်ခဲ့သည်။
-

တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ
RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။
တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန် မတ်လ (၄) ရက်နေ့က KIA/KPDF မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီ သတင်းအရ စကစရဲ့ တပ်ကူလာတဲ့ (၆၀)လောက်ကို ချေမှုန်းနိုင်ခဲ့တယ်၊ (၆၀ မမ)စိန်ပြောင်း၊ လက်ထောက်စက်လက်နက်ငယ်ရယ်ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကွန်ပျူတာတစ်လုံးရတယ်၊ ထွက်ပြေးတဲ့ ဆယ်ယောက်လောက်ကို လိုက်လံရှင်းလင်းရေး ဆောင်ရွက်နေတယ်”ဟု ဆိုသည်။
-

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ
RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။
“ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ အားကောင်းတဲ့ဘက်က ဆွဲနေပါတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်”ဟု သူက ပြောသည်။
ဖေဖော်ဝါရီ (၁၆)ရက်နေ့ နံနက် (၁၀)နာရီခန့်က မိုးကောင်းမှ ဖားကန့်/တနိုင်းသွားလမ်း လီဒိုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ မရမ်ကထောင်ဂိတ်မှ အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးနှင့် အသက်(၃၆)နှစ် အမျိုးသားတစ်ဦးအား ကားပေါ်မှ ဆွဲချထားခဲ့ကြောင်း သိရသည်။
-

ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ
RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။
“သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ”ဟု ပြောသည်။
နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

နမ့်တိန်းဒေသ၏ တောင်ကုန်းအချို့ကို သိမ်းနိုင်သော်လည်း အင်အား (၅၀)ဝန်းကျင်သာရှိသည့် နမ့်တိန်းအထိုင်စခန်းကို မသိမ်းနိုင်သေးပဲ ဖြတ်တောက်စစ်ဆင်ရေးပြုခဲ့ရသည်ဟု KPDF သတင်းရင်းမြစ်ထံမှ သိရသည်။
တံတားဦီးမှ လေယာဉ်ပစ်ကူ၊ ဖားကန့်ဗျူဟာ၊ လုံးခင်းယမ်းချက်စက်ရုံနှင့် မဇွပ်ယန် အကျဉ်းထောင်တို့မှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း နမ့်တိန်းဒေသရှိ တောတောင်တခွင် စစ်ကောင်စီ တပ်စခန်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ဖားကန့်ဒေသ၏ အဝင်အထွက် မဟာဗျူဟာ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွား အချက်အချာ နမ့်တိန်းဒေသနှင့် ဖားကန့်မြို့နှင့် ဟိုပင်၊ မိုးညှင်းမြို့သွား ဝှေခါဒေသအား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားနိုင်ပြီ ဖြစ်သည်။

ဖားကန့်ဒေသသည် ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး အဝင်အထွက် လမ်းကြောင်း သုံးခုရှိသည့် အနက် နှစ်ခုကို လုံးဝထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပြီး နောက်ဆုံးတစ်ခုဖြစ်သည့် ရှမ်းနီ(SNA)ကြီးစိုးရာဒေသ တာမခံ၊ ဆယ်ဇင်းတစ်ဝိုက်ကို ပိတ်ဆို့ထားနိုင်ရန်သာ ကျန်တော့သည့် အခြေအနေဖြစ်သည်။#RedNewsAgency
-

သုံးလကြာ ငြိမ်သက်နေရာမှ ဖားကန့်၌ ဓါးပြတိုက်မှုပြန်လည်ဖြစ်ပွား
RNA_ဖားကန့် ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁)ရက်နေ့ ည (၁၀)နာရီ (၁၅) မိနစ်က လုံးခင်းညကျောက်ဝိုင်းမှ ကျောက်ပွဲတိုက်ပြန်လာသည့် ကျောက်ပွဲစား ရခိုင်လူငယ်နှစ်ဦး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။
ကျောက်ပွဲတိုက်ပြန်လာသည့် လူငယ်နှစ်ဦးက ငြိမ်းချမ်းသာယာကျေးရွာရှိ “နွေဦးလေပြေ စားသောက်ဆိုင်”၌ ခေါက်ဆွဲဝင်စားပြီး အထွက်တွင် နောက်မှကပ်လိုက်လာသည့် SURF ကားဟုယူဆရသည့် ကားအဖြူရောင်ပေါ်မှ လူငယ်ခြောက်ဦးခန့်က လက်နက်ပြခြိမ်းခြောက်ကာ ဆိုင်ကယ်ရပ်ခိုင်းပြီး ကားပေါ်အတင်းဆွဲတင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူ တစ်ဦးကပြောသည်။
“ဓါးပြတိုက်တဲ့လူတွေက ကချင်ရုပ်လေးတွေဆိုတော့ စုဆောင်းရေးဆွဲတယ်မှတ်ပြီး ကိုယ့်အိမ်တံခါးပိတ်ပြီးပဲ နေလိုက်ကြတာ၊ နောက်နေ့မှ ဓါးပြတိုက်တာမှန်း သိကြတာ၊ ဓါးပြတိုက်တဲ့အဖွဲ့က ခြောက်ယောက်လောက်ရှိမယ်၊ သေနတ်ပါတယ်ထင်တယ်၊ ရခိုင်ကလေးနှစ်ယောက်ကို ကားပေါ်အတင်းထိုးတင်ခေါ်သွားတာတွေ့လိုက်တယ်”ဟု ဆိုသည်။
-

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်
RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။
နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။
ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)၊ “အဖြူရောင် လှုပ်ရှားမှု” (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။
-

ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ
RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။“KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။ -

ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ
RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။
“မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊ သေဆုံးသွားသည်လားကို ယနေ့ အထိ အတည်မပြုနိုင်သေးကြောင်း KIA/KPDF သတင်းရင်းမြစ်ထံမှ သိရသည်။







