ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့

RNA_ဖားကန့်၊ ဧပြီ(၆)၊၂၀၂၄ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ မီးသတ်ရုံးဘေး၌ အထိုင်ချထားသည့် KNDPC ကုမ္ပဏီလုပ်ကွက်ဆိုဒ်ခွဲ၌ ကျောက်ခိုးသည်ဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေးစဉ် လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်တွင် KNDPC ကုမ္ပဏီမှ ဝန်ထမ်းအများစုက လူသတ်မှုအတွက်ဖြေရှင်းပေရန် တောင်းဆိုခဲ့ကြသည်။
 
ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသူမှာ ကိုအောင်တင်ထွေး (ခ) ဂွတိုဟု သိရပြီး ဧပြီ (၅) ရက်နေ့ နေ့လည်ပိုင်းက ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်အတွက် ဘဝတူ အလုပ်သမားများက သတ်ဖြတ်သူများကို အရေးယူပေးရန် ပြောဆိုခဲ့ကြသည်။
 
သေဆုံးသူ ဂွတိုအား ကုမ္ပဏီ၏ ကြေးစားလူမိုက်များက နှစ်ရက်ခန့် ရိုက်နှက်ခဲ့ပြီး သေဆုံးချိန်တွင် လက်လွန်သွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြားခဲ့ကြောင်း၊ သေဆုံးသူအတွက် လျှော်ကြေးအနေဖြင့် သိန်းသုံးဆယ်ပေးသည့်အတွက် မဖြစ်သင့်ဟုဆိုကာ ကုမ္ပဏီဝန်ထမ်းအများစု အလုပ်ထွက်သွားကြသူများရှိသည်ဟု ကုမ္ပဏီဝန်ထမ်းအချို့ထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်၊ မမုံ၊ မန၊ မက်လင်ချောင်ကျေးရွာတို့နှင့် ဆက်စပ်နေသည့် YTT (ရတနာတောင်တန်း) လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်နေကြပြီး၊ ယခုအမှုဖြစ်ပွားသည့် ဆန်းကြွယ်ဆိုဒ်ခွဲ KNDPC ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဆိုဒ်သည် ကိုယ်စားလှယ်ရာထူးမှ အောက်ခြေရာထူးအထိ ဝန်ထမ်းအင်အား နှစ်ရာခန့်ဖြင့် လုပ်ငန်းလည်ပတ်နေသည်။
 
ဖားကန့်မြို့နယ်၏ ကျောက်တူးဖော်ရေး အခြားနေရာအများစုတွင်လည်း KNDPC (ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး) ကုမ္ပဏီက ဆိုဒ်ခွဲများထားကာ တူးဖော်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
 
ကျောက်ခိုးထုတ်သူဟု ကုမ္ပဏီမှယူဆသူ အခြားသူအချို့ကိုလည်း ဖမ်းဆီးရိုက်နှက်ထား‌သေးကြောင်း အချို့ကို တစ်လခန့်ကြာသည်အထိ အခန်းတွင်းပိတ်လှောင်ထားကြောင်း၊ ဆက်စပ်မှုဟုယူဆရန် အတည်ပြုရန် လုံလောက်သော အချက်အလက်မရှိသေးသည့် အခြားလူသတ်မှုတစ်ခုလည်း ယနေ့ နံနက်ကဖြစ်ပေါ်ခဲ့ပြီး ဆန်းကြွယ်ကျေးရွာ နေထိုင်သူ ကိုအောင်လွင် အသက်(၃၇)၊ ရေမဆေးကျောက်ရှာသူအား လည်ပင်းပြတ်ရှ ဓါးဒဏ်ရာဖြင့် မမုံကျေးရွာ ပန်းခြံအနီးတွင် သေဆုံးလျက်တွေ့ရသည်။
 
#RedNewsAgency
By Editor