သုံးလကြာ ငြိမ်သက်နေရာမှ ဖားကန့်၌ ဓါးပြတိုက်မှုပြန်လည်ဖြစ်ပွား

RNA_ဖားကန့် ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁)ရက်နေ့ ည (၁၀)နာရီ (၁၅) မိနစ်က လုံးခင်းညကျောက်ဝိုင်းမှ ကျောက်ပွဲတိုက်ပြန်လာသည့် ကျောက်ပွဲစား ရခိုင်လူငယ်နှစ်ဦး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။

ကျောက်ပွဲတိုက်ပြန်လာသည့် လူငယ်နှစ်ဦးက ငြိမ်းချမ်းသာယာကျေးရွာရှိ “နွေဦးလေပြေ စားသောက်ဆိုင်”၌ ခေါက်ဆွဲဝင်စားပြီး အထွက်တွင် နောက်မှကပ်လိုက်လာသည့် SURF ကားဟုယူဆရသည့် ကားအဖြူရောင်ပေါ်မှ လူငယ်ခြောက်ဦးခန့်က လက်နက်ပြခြိမ်းခြောက်ကာ ဆိုင်ကယ်ရပ်ခိုင်းပြီး ကားပေါ်အတင်းဆွဲတင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူ တစ်ဦးကပြောသည်။

“ဓါးပြတိုက်တဲ့လူတွေက ကချင်ရုပ်လေးတွေဆိုတော့ စုဆောင်းရေးဆွဲတယ်မှတ်ပြီး ကိုယ့်အိမ်တံခါးပိတ်ပြီးပဲ နေလိုက်ကြတာ၊ နောက်နေ့မှ ဓါးပြတိုက်တာမှန်း သိကြတာ၊ ဓါးပြတိုက်တဲ့အဖွဲ့က ခြောက်ယောက်လောက်ရှိမယ်၊ သေနတ်ပါတယ်ထင်တယ်၊ ရခိုင်ကလေးနှစ်ယောက်ကို ကားပေါ်အတင်းထိုးတင်ခေါ်သွားတာတွေ့လိုက်တယ်”ဟု ဆိုသည်။


ကားပေါ်ခေါ်တင်ခံရသည့် ရခိုင်လူငယ်နှစ်ဦးကို လုံးခင်းကျေးရွာ သုဿန်အနီးချထားခဲ့ကြောင်း၊ ဓါးပြတိုက်ခံရသည့်အတွက် ကျောက်ရောင်းရလာသည့် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်၊ မရောင်းရသေးသည့် ကျောက်တစ်လုံးနှင့် ၎င်းတို့၏ ဆိုင်ကယ်နှစ်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ခေတ်ပျက်တဲ့အချိန် လက်နက်ကိုင်ထားတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေပဲ ကောင်းစားကြတာ၊ လုပ်ချင်ရာလုပ်ကြတာ၊ ခံလိုက်ရရင် ကျမတို့ပြည်သူတွေချည်းပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးက မချိတင်ကဲ ပြောသည်။

ဖားကန့်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက် လုံးခင်းကျေးရွာရှိ ဂျာနူးဆေးပစ္စည်းအရောင်းဆိုင်နှင့် ငွေလွှဲ/ငွေထုတ်လုပ်ငန်းဆိုင် ဓါးပြတိုက်ခံရသည့်အမှုနှင့် အခြားဆက်စပ် ဓါးပြမှုတို့အား ဆောင်ရွက်ခဲ့သည့် KPDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝမ်းဘက် (ခ) ရင်သွေးဦးနှင့် အဖွဲ့အား KIA တပ်မဟာ (၉)မှ ဖော်ထုတ်ဖမ်းဆီးအပြီး သုံးလကြာ ငြိမ်သက်နေခဲ့ရာမှ ယခုလက်နက်ကိုင်ဓါးပြမှု တဖန်ပြန်ပေါ်လာခြင်းဖြစ်သည်။

#RedNewsAgency

By Editor