RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။
တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန် မတ်လ (၄) ရက်နေ့က KIA/KPDF မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီ သတင်းအရ စကစရဲ့ တပ်ကူလာတဲ့ (၆၀)လောက်ကို ချေမှုန်းနိုင်ခဲ့တယ်၊ (၆၀ မမ)စိန်ပြောင်း၊ လက်ထောက်စက်လက်နက်ငယ်ရယ်ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကွန်ပျူတာတစ်လုံးရတယ်၊ ထွက်ပြေးတဲ့ ဆယ်ယောက်လောက်ကို လိုက်လံရှင်းလင်းရေး ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

