RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။
“ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ အားကောင်းတဲ့ဘက်က ဆွဲနေပါတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်”ဟု သူက ပြောသည်။
ဖေဖော်ဝါရီ (၁၆)ရက်နေ့ နံနက် (၁၀)နာရီခန့်က မိုးကောင်းမှ ဖားကန့်/တနိုင်းသွားလမ်း လီဒိုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ မရမ်ကထောင်ဂိတ်မှ အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးနှင့် အသက်(၃၆)နှစ် အမျိုးသားတစ်ဦးအား ကားပေါ်မှ ဆွဲချထားခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားနှင့်မိုးကောင်းမြို့တို့မှ ဖားကန့်မြို့သို့ လာရာလမ်း၌ လီဒိုလမ်းမကြီးပေါ်ရှိ မရမ်ကထောင်ဂိတ်၊ ကာမိုင်းဂိတ်၊ နန့်ယားဂိတ်နှင့် လုံးခင်းယမ်းချက်ဂိတ်တို့ကိုဖြတ်ရပြီး၊ နန့်ယားနှင့်လုံးခင်းယမ်းချက်အကြားရှိ နန့်တိန်းဂိတ်စခန်းကို KIA/KPDF များက သိမ်းယူပြီးဖြစ်သည့်အတွက် ထိုနေရာတွင် စစ်ကောင်စီဂိတ်မရှိတော့ခြင်းဖြစ်သည်။
ဟိုပင်နှင့် မိုးညှင်းမြို့တို့မှ ဖားကန့်မြို့သို့လာပါက နမ့်မွန်းတောင်ပေါ်ဂိတ်၊ အင်းတော်ကြီးဘေးမဲ့တောရပ်ဝန်းရှိ လုံးတုံဂိတ်၊ ဝှေလုံတောင်ခြေဂိတ်တို့ကိုဖြတ်ကြရကြောင်း၊ ဆိပ်မူနှင့် (၆) မိုင်ခန့်သာဝေးသည့် ဝှေခါဗျူဟာကုန်းအား KIA/KPDF မှ သိမ်းယူထားသည့်အတွက် ဝှေခါဂိတ်မရှိတော့ခြင်း ဖြစ်သည်။
#RedNewsAgency